နေပြည်တော် ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာ တောင်သူများ၏ မတ်ပဲစိုက်ခင်းများ၊ ဆောင်းဆီထွက်သီးနှံနေကြာနှင့် မြေပဲစိုက်ခင်းများသို့ ရောက်ရှိပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုကိုကြည့်ရှုကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား သီးနှံစိုက်ခင်းများအတွက် လိုအပ်သည့်သွင်းအားစုများကို စနစ်တကျ ထည့်သွင်းပြီး ပိုးမွှားရောဂါ ကျရောက်မှုမဖြစ်ပွားစေရေးအတွက် ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် သနပ္ပင်ဆိပ်ကျေးရွာရှိ ကြက်မွေးမြူရေးခြံသို့ရောက်ရှိကာ ဥစားကြက်နှင့် အသားတိုးကြက်များ မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပျဉ်းမနားမြို့နယ်အရှေ့ခြမ်းကျေးရွာများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရေးအတွက် မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာလမ်း တိုးချဲ့ပြုပြင် ဆောင်ရွက်နေမှုနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လမ်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်စံချိန်၊ စံညွှန်းပြည့်မီအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


