နေပြည်တော် အောက်တိုဘာ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါး စိုက်ဧကများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာ ကျေးရွာ စိတ္တသုခဓမ္မာရုံ၌ ကျင်းပသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ရုံးမှ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်အားပေးစကားပြောကြားပြီး ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ညောင်ပင်သာကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာအုပ်စု၊ သကြားစက်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအုပ်စု၊ နတ်သူရဲကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သနပ္ပင်ဆိပ် ကျေးရွာအုပ်စုတို့မှ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ကြသည်။
ထို့နောက် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၊ ကွင်းအမှတ် ၁၃၂၇ (ညောင်ကိုင်းကွင်း)သို့ ရောက်ရှိပြီး ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ပြန်လည် စိုက်ပျိုးနိုင်ရေး ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း နှင့် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်အမှာစကားပြောကြားကာ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧရိယာများတွင် ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲနှင့် နေကြာ မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် အဆိုပါကွင်းအတွင်း သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေပြည်တော် စက်မှု လယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် မြေပြုပြင်ဆောင်ရွက်နေမှုများနှင့် တင်ကျန်ခဲ့သည့် သဲနှုန်းများ ခြစ်ထုတ်နေမှုကို လည်းကောင်း၊ တပ်ကုန်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ရေမျောခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်နေမှုနှင့် ကျေးရွာတွင်းလမ်းများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ လက်ပံကုန်းကျေး ရွာ - မကျီးကုန်းကျေးရွာ - သရက်အုပ်ကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းဖောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


