နေပြည်တော် ၈ စက်တင်ဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၁၉)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စိုးမြင့်မိုရ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပျဉ်းမနားမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း ပြဆရာဦးမော်မော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ အခြေခံရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ လူမှုကရုဏာ လုပ်ငန်းများ ကြက်ခြေနီအခြေခံမှု(၇)ချက်နှင့် ရှေးဦးပြုစုခြင်းပညာရပ်များ ပြန့်ပွားနိုင်စေရန်၊ အရေးပေါ် အခြေအနေများတွင် ကြက်ခြေနီပညာရပ်ဖြင့် အသက်ကယ်တင်နိုင်ရန်၊ လူမှုကရုဏာလုပ်ငန်းများတွင် စိတ်ဓာတ်ထက်သန် နိုးကြားတက်ကြွသော ကြက်ခြေနီမျိုးဆက်သစ် လူငယ်မောင်မယ်များ ပေါ်ပေါက်လာစေရန်၊ အသင်းခွဲရှိ စေတနာလုပ်အားရှင်များ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နှင့် ရှေးဦးပြုစုခြင်းဘာသာရပ်များဖြင့် မတော်တဆထိခိုက်မှုများအား စနစ်တကျပြုစုတပ်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆၀)ဦးအား အခြေခံရှေးဦးပြုစုခြင်းပညာရပ်များကို စာတွေ့သင်ကြားခြင်းနှင့် လက်တွေ့သင်ကြားခြင်းများကို စက်တင်ဘာ(၈)ရက်မှ (၂၂)ရက်အထိ ကျောင်းပိတ်ရက်များတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


