ပျဉ်းမနား ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာနွေးဦးကိုကိုက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောရာတွင် ယနေ့ခေတ် လူငယ်များသည် နောင်တချိန်တွင် နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် သုတရသစာပေများကို ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အမှား/အမှန်၊ အကောင်း/အဆိုးကို ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်အတိုင်း စာပေကောင်းများ ဖတ်ခြင်းအားဖြင့် အသိပညာများ ကြွယ်ဝလာမှာဖြစ်ပြီး ပိုမိုသိမြင်သည့်သူတစ်ယောက် ဖြစ်လာမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် အသိပညာ ရရှိသည့်အတွက် စကားပြောသည့်အခါ လူစိတ်ဝင်စားအောင် ပြောဆိုနိုင်ခြင်း၊ ဗဟုသုတရစေမည့်အရာများ ပြန်လည်မျှဝေနိုင်ကြောင်း၊ စာဖတ်ခြင်းက စိတ်ကူးများ၊ ဖန်တီးနိုင်စွမ်းများကို တိုးတက်စေမှာဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာများ တိုးပွားလာပြီး ကိုယ်တိုင်စဉ်းစားအတွေးအခေါ် အမြော်အမြင်များရရှိလာမှာဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ပြီး ယခုလို အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)


