နေပြည်တော်  ၂၄   အောက်တိုဘာ

 

နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာအတွင်းရှိပြည်သူများ သောက်သုံးရေ အဆင်ပြေ လွယ်ကူစွာရရှိနိုင်စေရေး အတွက် ကျေးလက်ရေရရှိစေရေး အချက်အလက်ကောက်ယူခြင်း (MIS)နှင့်ရေပေးဝေရေး အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်က ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းမှာ ရေပေးဝေရေးနှင့်ပတ်သက်၍ ကျေးရွာ အတွင်းရှိ ပြည်သူများ ရေရှည်အသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်း များနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးချို့ယွင်းမှုဖြစ်ရင်တော့ နိုင်ငံတော်က ပြုပြင်ဆောင်ရွက်ပေးမှာဖြစ်ပြီး အာမခံသက်တမ်းကုန်ရင်တော့ ကျေးရွာကော်မတီနှင့် ဒေသခံ ပြည်သူများက မိမိတို့အသုံးပြုတဲ့လုပ်ငန်းတွေ မပျက်စီး၊ မဆုံးရှုံးအောင် ပြုပြင်ထိန်းသိမ်းစောင့် ရှောက်သွားရမှာ ဖြစ်သည့်အတွက် သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များကို စနစ်တကျ သင်ယူမှတ်သားမှသာ မိမိကျေးရွာတွင် ပြန်လည်အသုံးချသွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။

 

၁

 

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်မေမိုးသူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး၊ မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင်မှ သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြပေးသည်။

 

အဆိုပါ သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း (၁၀)ဦး၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ စည်းရုံးရေးမှူး(၂၈)ဦး၊ ကျေးရွာများမှရေပေးဝေရေး ကော်မတီဝင် (၂၀)ဦး၊ စုစုပေါင်းသင်တန်းသား သင်တန်းသူ(၅၈)ဦးအား အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)