ပျဉ်းမနားမြို့နယ်၌ ခြင်ဆေးခွေမီးမှတစ်ဆင့် မီးလောင်ကျွမ်းမူကြောင့် နေအိမ်နှစ်လုံး၊ ကားတစ်စီနှင့် မော်တော်ဆိုင်ကယ်ငါးစီ မီးလောင်ဆုံးရှုံး

နေပြည်တော်  ၁၅  ဖေဖော်ဝါရီ 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ယနေ့နံနက် (၁) နာရီ (၅၅) မိနစ်အချိန်တွင် ခွေအလှမွေးခြံအား ခြင်ဆေးခွေမီးထွန်းညှိထားရာမှတစ်ဆင့် လူနေအိမ်နှစ်လုံး၊ ကားတစ်စီနှင့် မော်တော်ဆိုင်ကယ်ငါးစီ  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပျဉ်းမနားမြို့၊ ရွှေချီ(၄)လမ်းနှင့် မောင်ခင်လမ်းထောင့်ရှိ အမှတ်(၁၁/၃၅)နေ ဦးဝင်နိုင်(ခ)ညောင်ဦး နေအိမ်ရှိ ခွေအလှမွေးခြံအား ခြင်ဆေးခွေမီးထွန်းညှိထားရာမှ စတင်မီးလောင် ကျွမ်းရာ အနီးပတ်ဝန်းကျင်ရှိ ဦးအောင်ကုလား၏ လေးပင်သုံးပင်၊ နှစ်ထပ်သွပ်မိုးထရံကာပျဉ်ခင်း၊ ကားဂိုထောင်တစ်ခု၊ ကွမ်းယာဆိုင်တစ်ခန်း(၁၀ပေ၊ ၂၀ပေ)အုပ်ကာသွပ်မိုး၊ ဆလွန်းကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံငါးစီးတို့ မီးကူးဆက်လောင်ကျွမ်းခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့  နေပြည်တော်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းနှင့်  ဒက္ခိဏခရိုင်မီးသတ်ဦးစီးဌာန၊  မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များပါဝင်၍ မီးသတ် တပ်ဖွဲ့ဝင်(၆၅)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် (၁၅)စီးတို့နှင့် ဒေသခံပြည်သူ များကဝိုင်းဝန်းငြိမ်းသတ်ရာ နံနက် (၂)နာရီ၊ (၁၀)မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သော အိမ်ရှင်ဦးဝင်းနိုင်(ခ)ညောင်ဦးအား သက်ဆိုင်ရာမှ အရေးယူစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)

 

1.01.