နေပြည်တော် ၂၆ ဇန်နဝါရီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျွန်းကျေးရွာအုပ်စု၊ ကျွန်းဉီးကျေးရွာ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် အတိုးအရင်း ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

 

ရှေးဉီးစွာ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းဇော်က ချေးငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာများအရောက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို လာရောက်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက စိုက်ပျိုး၊ မွေးမြူရေး၊ ရောင်းဝယ်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြမည့် အသင်းဝင်(၂၂၇)ဦးတို့အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်ရန်ပုံငွေ အတိုးအရင်းငွေ ကျပ်(၄၅၂)သိန်းကို ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဝင်များထံသို့ လွှဲပြောင်းပေးသည်။

 

အဆိုပါချေးငွေများပေးအပ်ရာသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာမြစိမ်းရောင် စီမံကိန်းကော်မတီဝင်များနှင့် အသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)