ပျဉ်းမနား  ၇  ဧပြီ 

 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ဂီတအစည်းအရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၁၈ ခုနှစ် နွေရာသီ ဆို၊ တီး ၊ က (အခမဲ့)သင်တန်းဆင်းပွဲကို  ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ မင်္ဂလာ ကန်တော်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလွင်မြင့်က သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ ပျဉ်းမနားမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်သန်းမှ ကျေးဇူးတင် စကားပြန်လည်းပြောကြားသည်။

 

 

ထို့နောက် ၂၀၁၈ ခုနှစ် နွေရာသီ ဆို၊ တီး ၊ က (အခမဲ့)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများက အဆို၊ အတီး၊ အကများဖြင့် လက်တွေ့သရုပ်ပြဖျော်ဖြေပေးပြီး မြို့နယ်ဂီတအစည်း အရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များနှင့် အလှူရှင်များ၊ နည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

 

အဆိုပါသင်တန်းကို မြန်မာ့ဂီတကိုမျိုးဆက်သစ်လူငယ်များ စိတ်ဝင်စားမှုရှိလာစေရန်၊ မြန်မာမှုဂီတကို လေးစားမြတ်နိုးလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များ မြန်မာမှုဂီတကို ကျယ်ပြန့် စွာနားလည်နိုင်စေရန်အတွက်ရည်ရွယ်၍ အဆို၊ အတီး၊ အက သင်တန်းသား၊ သင်တန်းသူ (၂၅)ဦးအား မတ် ၃ ရက်နေ့မှ ဧပြီ ၇ ရက်နေ့အထိ (အခမဲ့)ဖွင့်လှစ်သင်းကြားပေးခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)