နေပြည်တော်  ၃၁ မတ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ယနေ့ နံနက် ၅ နာရီ်တွင် ဓားမိန်း အပူလွန်ကဲရာမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

11

 

ဖြစ်စဉ်မှာ ပျဉ်းမနားမြို့၊ ဥယျာဉ်စုအုပ်စု၊ ဦးကျေးရပ်၊ အမှတ်(၂/၄၃၅)နေ ဦးကျော်အေး၏ (၃)ပင်ပတ်လည်၊ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်းခင်းနေအိမ်အောက်ထပ်တွင် တပ်ဆင်ထားသော ဓားမိန်းမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ စတင်မီးလောင်ကျွမ်းရာမှတဆင့် အနီးပတ်ဝန်းကျင်ရှိ ဦးဇော်လင်းအောင်၏ သက္ကယ်မိုး၊ ဝါးထရံကာ၊ ပျဉ်းခင်းနေအိမ်သို့  မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊   မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်သူရကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် (၈)စီးတို့နှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၅ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လျှပ်စစ်မီးအား ပေါ့လျော့စွာသုံးစွဲသူ အိမ်ရှင် ဦးကျော်အေး အား   သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)