နေပြည်တော်      မေ       ၆

 

နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် မေ ၁ ရက်နှင့် ၃ ရက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ပွဲ အခမ်းအနားကို မေ ၆ ရက် မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌက လေဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ရာ လေဘေးသင့် ပြည်သူများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက လက်ခံရယူသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးမြင့်စိုး တို့က လေဘေးသင့်ပြည်သူများထံ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ငွေများကို အသီးသီးပေးအပ်ကြသည်။

 

ထောက်ပံ့ပေးအပ်ရတွင် ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာအုပ်စု ငါးအုပ်စုတို့မှ အမိုးလန် နေအိမ် ၃၁ လုံး၊ ပြိုလဲနေအိမ် ၁၆ လုံး စုစုပေါင်း ၄၇ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၂၈၃၅၀ဝဝ၊ ဘာသာရေး အဆောက်အအုံ တစ်လုံးအတွက် ငွေကျပ် ၉၀၀၀၀၊ အိမ်ထောင်စု ၄၇ စုမှ လေဘေးသင့်ပြည်သူ ၂၀၉ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၄၃၈၉၀၀ စုစုပေါင်း ငွေကျပ် ၃၃၆၃၉၀၀ နှင့် ပြိုလဲနေအိမ် ၁၆ လုံးအတွက် တစ်လုံးလျှင် ငွေကျပ် ၄၆၃၆၄ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့ လေ့ကျင့်ရေးအားကစားခန်းမသို့ သွားရောက်၍ လယ်ဝေးမြို့နယ် လေဘေးကြောင့် ပျက်စီးမှုများဖြစ်ပွားခဲ့ကြသည့် ကျေးရွာအုပ်စု ခုနစ်အုပ်စုတို့မှ အမိုးလန်နေအိမ် ၄၉ လုံး၊ ပြိုလဲနေအိမ၁၃ လုံး စုစုပေါင်း ၆၂ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၂၈၂၃၅၀ဝ၊ ဘာသာရေး အဆောက်အအုံ တစ်လုံးအတွက် ငွေကျပ် ၉၀၀၀၀၊ အိမ်ထောင်စု ၆၂ စုမှ လေဘေးသင့်ပြည်သူ ၂၆၃ ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ ကျပ် ၅၅၆၅၀၀ စုစုပေါင်း ငွေကျပ် ၃၄၇၀၀၀၀ နှင့် ပြိုလဲနေအိမ် ၁၂ လုံးအတွက် တစ်လုံးလျှင် ငွေကျပ် ၄၆၃၆၄ တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးတို့အား ထောက်ပံ့ပေးအပ်ရာ လေဘေးသင့်ပြည်သူများကိုယ်စား လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။ 

 

ဇော်ဖြိုး(ပြန်/ဆက်)