ပျဉ်းမနား ၉ ဇွန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လုပ်ငန်းလမ်း ညွှန် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ထားမှုရှိ၊ မရှိကို မြို့နယ်စားသောက်ဆိုင်များ ဆိုင်ထိုင် ရောင်းချခွင့် စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီးနောက် ခွင့်ပြုချက်ရရှိသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှာ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ဆိုင်ထိုင်ရောင်းချစနစ်ဖြင့် ရောင်းချရန်ပေးခြင်းနှင့် ပတ်သက်၍“ဆိုင်ထိုင် ရောင်ချခွင့်ပြုပေးနိုင်ရေး အတွက်ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လုပ်ငန်းလမ်းညွှန်အတိုင် ဆိုင်ထိုင်ရောင်းချခွင့်ပြုပေးနိုင်ရေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့ပါဝင်တဲ့ မြို့နယ်စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခွင့် စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီးမှ ရောင်းချခွင့်ပြုမှာပါ။ ရောင်းချခွင့်ရပြီး ရင်လည်း ချမှတ်ထားတဲ့ ကျန်းမာရေးစည်းကမ်း ချက်များကို ဆက်လက်လိုက်နာမှုမရှိပါက အဆိုပါ ဆိုင်ကို ဆိုင်ထိုင်ရောင်းချခွင့်အမိန့် ပြန်လည် ရုပ်သိမ်းခြင်း၊ ရောင်းချ ခွင့်ကို တစ်လမှသုံးလအထိ ပိတ်ခြင်းနှင့် ဆိုင်ကိုလုံးဝပိတ်သိမ်းခြင်း တို့ကိုဆောင်ရွက်သွားမည်”ဟု မြို့နယ်ခုတင် (၂၀ဝ) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်က ပြောသည်။
“ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ လုပ်ငန်းလမ်း ညွှန်အတိုင်း ဆိုင်ထိုင်ရောင်းချခွင့်ရနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရပါတယ်။ ပြင်ဆင်ပြီးတဲ့ အချိန်မှာ သက်ဆိုင်ရာမြို့နယ်စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချ ခွင့်စစ်ဆေးရေးအဖွဲ့ကို အကြောင်းကြားပြီး အစစ်ဆေးခံပြီးမှ ဆိုင်ထိုင်ရောင်ချခွင့်ရတာပါ ခုဆို ဆိုင်ရှေ့မှာ လက်ဆေးခြေနင်း ဘေစင်ထားရှိပြီး ဆိုင်ကိုလာရောက် စားသုံးသူတွေကို အပူချိန်တိုင်း ပေးခြင်း Mask တပ်ဆင်ပြီးမှ ဆိုင် အတွင်းကို ဝင်ရောက်စေပါတယ် ဆိုင်မှာဝန်ဆောင်မှုပေးတဲ့ သူတွေကိုလည်း Maskများ Face Shield များ၊ လက်အိတ်များတပ်ဆင်ပြီးမှ အစားအသောက်များကို ရောင်းချပေးနေပါတယ်”ဟု လက်ဖက်ရည် ဆိုင်ပိုင်ရှင် တစ်ဦးထံမှ သိရသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ်အတွင်း ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခွင့်မရရှိသည့် စားသောက်ဆိုင် များနှင့် လက်ဖတ်ရည် ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း ဆိုင်ထိုင်ရောင်းချခွင့်ပြုပေးနိုင်ရေးကို ကွင်းဆင်းစစ်ဆေးကာ ရောင်းချခွင့်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စိုးမိုး(ပြန်/ဆက်)


