ပျဉ်းမနား စက်တင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူး ဦးကျော်သိန်းဆိုင်၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့် ရရှိသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးကျော်သိန်းဆိုင်က အမှာစကား ပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ၊ လူမှုဖူလုံရေး အကျုံးဝင် အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ အလုပ်တွင် ထိခိုက်ဒဏ်ရာရမှုနှင့် စပ်လျဉ်း၍ လုပ်ခဝင်ငွေလျော့ နည်းခြင်း၊ ရပ်စဲခြင်း တို့ ဖြစ်ပေါ်သည့်အခါ အလုပ်သမားများနှင့် ၎င်းတို့အပေါ်မှီခိုနေသော မိသားစုဝင်တို့အား ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းတို့ဖြင့် စီးပွားရေး၊ လူမှုရေးဒုက္ခများ ခံစားရခြင်းမှ ကာကွယ်ပေးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိသူများအား အကျိုးခံစားခွင့်မျာ းထုတ်ပေးရာ သစ်ထုတ်လုပ်ရေး(တောင်)ဌာနမှ အာမခံအလုပ်သမားတစ်ဦး အလုပ်တွင် ထိခိုက်သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၉၀၀၀၀၀ဝ)၊ Ashro Myanmar Co.,Ltd မှ အာမ ခံ အလုပ်သမားတစ်ဦး သေဆုံးမှုအတွက် နာရေးစရိတ်အကျိုးခံစားခွင့် ငွေကျပ်(၁၅၀၀၀၀ဝ)၊ ပင်မအလုပ်ရုံမှ အာမခံအလုပ်သမားတစ်ဦး၏ ဆေးဖိုးကုန်ကျစရိတ် ငွေကျပ်(၁၆၄၃၆၉၅)၊ မြန်မာ့မီးရထားဌာနမှအာမခံအလုပ်သမားတစ်ဦး၏ ဆေးဖိုးကုန်ကျစရိတ် ငွေကျပ်(၂၃၄၂၃၀၆)၊ အကြီးစားစက်မှုလက်မှုလုပ်ငန်းမှ အာမခံအလုပ်သမားတစ်ဦး၏ ဆေးဖိုးကုန်ကျစရိတ် ငွေ (၂၁၄၀၁၅၂) ကျပ်တို့အား နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပေးအပ် ကြသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး အနေဖြင့် အမှုတွဲပေါင်း(၁၂၁၉၉၃၆)မှုအတွက် ငွေကျပ်သန်း(၆၉၅၈၄၂၉၉) အား ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် အမှုတွဲပေါင်း(၂၄၈၃)မှုအတွက် ငွေကျပ် သန်း(၃၅၂)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇော်ဖြိုး(ပြန်/ဆက်)