မြိတ် ၁၁ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ကမ်း ကမ်းနားရေပြင်မှသည် Speed Boat စီးပြီး မြန်မာ့ ကမ်းရိုးတန်းရေပြင် ပင်လယ်အား ဖြတ်သန်းကာဖြင့် လေကောင်းလေသန့်များကို ရှုရှိုက်ကာ Speed Boat ၏ ဝဲယာ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်ပေါ်ရှိ စိမ်းလန်းသော တောတောင်၊ ကြည်လင်သော ရေပြင်ကို တမျှော်တခေါ် ကြည့်ရှုခံစားရင်း (၂)နာရီဝန်းကျင်ခန့် မောင်းနှင်လာသည့် Speed Boat ဆိုက်ကပ်လာသည့် ကမ်းခြေတစ်ခုသည် ရေလှိုင်းရိုက်ပုတ်မှုကြောင့် ကျောက်စရစ်အကြားမှ သာယာငြိမ့်ညောင်းသော သံစဉ် ထွက်ပေါ်နေသည်မှာ ကြားရသူများ၏ နှလုံးအိမ်ဝယ် ချမ်းမြေ့ကြည်နူးစရာ ကောင်းလှပေသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ကျွန်းပေါင်း(၈၀၀)ကျော်ဖြင့် ဖွဲ့စည်းထားသည့် မြိတ်-ကျွန်းစု( Myeik Archepelogo ) ကို ပိုင်ဆိုင်ထားပြီး ကျွန်းများတွင် ( Virgin Island ) များစွာ တည်ရှိနေ၍ လှပရှည်လျား သောသဲတန်းဖြူများ၊ ကြည်လင်စိမ်းလန်းသောရေပြင်၊ အလွန်လှပသောရေအောက်ရှုခင်းများ၊ သန္တာကျောက် တန်းများ၊ မျိုးစိတ်ပေါင်းများစွာသော ရေနေသတ္တဝါများဖြင့် အလွန်ဂုဏ် ယူဖွယ်ကောင်းသော သဘာဝပတ် ဝန်းကျင်တည်ရှိသည့် ဒေသတစ်ခုဖြစ်သည့်နှင့်အညီ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစား လူကြိုက်များ စိတ်ဝင်စားလာကြသည့် ပါပန့်ကျွန်း( Smart Island )ကို ခရီးသွားဇုန်အဖြစ် ဖော် ဆောင်ကြရန် အသင်းအဖွဲ့များနှင့် ကုမ္ပဏီများက လျှောက်ထားလျက်ရှိကြကြောင်း မြိတ်ခရိုင်ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
ပါပန့်ကျွန်း( Smart Island )သည် ဧရိယာအားဖြင့်(၅၄၅.၀၆)ဧကခန့်ရှိကာ တောတောင်ထူထပ်၍ ကျွန်း၏ မြောက်ဘက်ပိုင်းတွင် ပေ(၄၀၀၀)ခန့်ရှည်လျားသော ကျောက်စရစ်ကမ်းခြေတစ်ခုနှင့် တောင်ဘက် တွင် ပေ(၆၀၀)ခန့်ရှည်လျားသော သဲဖြူကမ်းခြေ(၃)ခု တည်ရှိပါကာ ကျွန်း၏ အရှေ့ဘက်တွင် နှစ်ဘက်လှ ကျွန်း၊ အနာက်ဘက်တွင် ပဒန်းကျွန်း၊ မြောက်ဘက်တွင် ကွမ်းရွက်ကျွန်း၊ တောင်ဘက်တွင် ဒါန်းကျွန်းတို့ တည်ရှိ၍ မြိတ်မြို့မှ ရေမိုင်(၅၆)မိုင်ခန့် ကွာဝေးကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစား လူကြိုက်များ စိတ်ဝင်စားလာကြ သည့် ပါပန့်ကျွန်း( Smart Island )ပေါ်တွင် ဟိုတယ်လုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်ရန် ကျွန်းအသုံး ပြုခွင့်လျှောက်ထားသည့် Aquamarine Ecotourism Development Co.Ltd မှ တာဝန်ရှိသူများက စက်တင် ဘာလ(၈)ရက်နေ့တွင် မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမ၌ မြိတ် ခရိုင်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအား ကျွန်းပေါ်တွင်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများအား လာရောက်ရှင်းလင်းတင်ပြခဲ့ကြသည်။
စီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံမှုများအား လာရောက်ရှင်းလင်းပွဲတွင် “ မြိတ်ခရိုင်အတွင်းမှာရှိ တဲ့ ကျွန်းတွေမှာ ခရီးသွားလုပ်ငန်းအောင်မြင်ရေးအတွက် ကြိုဆိုပါတယ်။ ခရီးသွားလုပ်ငန်းသည် ယခုအချိန်မှာ အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သယံဇာတထုတ်ရောင်းတာ သတ္တုတူးဖော်တာ မလုပ်ဘဲနဲ့ ဒေသမှာရှိတဲ့အလှအပတွေပြပြီး ဝင်ငွေရမည့်လုပ်ငန်းဆိုတော့ ကော်မတီအနေ နဲ့ ကြိုဆိုပါတယ်။ ဒေသနဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေဖြစ်စေချင်ပါတယ်။ အဓိကကတော့ ခရီးသွားလုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းရှင် အသင်းတွေ၊ လာလျှောက်တဲ့ကုမ္ပဏီတွေ ညှိနှိုင်းဆွေးနွေးပြီး ရှေရှည်ဆောင်ရွက်စေလိုပါတယ်။ ဒေသခံ လုပ်ငန်းရှင်တွေရော အဝေးကလာရောက် ရင်းနှီးမြုပ်နှံတဲ့လုပ်ငန်းရှင်တွေပါ ညှိနှိုင်းတိုင်တိုင်ပင်ပင် ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်” ဟု တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မြိတ်ခရိုင်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးဖြိုးဝင်းထွန်း က ပြောသည်။
“ Smart ကျွန်းအတွက်ကတော့ ကုမ္ပဏီအနေနဲ့ ရင်းနှီးမြုပ်နှံမှုအနေနဲ့ ကျပ်သန်း(၇၅၀၀) ရင်းနှီးမြုပ်နှံ ဖို့ ရည်ရွယ်ထားပါတယ်။ စီမံကိန်းထဲတွင် ဟိုတယ်လုပ်ငန်း၊ ရေငုပ်ခြင်းလုပ်ငန်း၊ သဘာဝအခြေခံတဲ့ ခရီးသွား လုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ စီမံကိန်းမှာ ထပ်ပြီးဆွဲထားတာက Public Area ကို ထည့်ဆွဲ ထားပါတယ်။ ကုမ္ပဏီအနေနဲ့ ပြည်သူအခြေပြု ကျွန်းစီမံကိန်းဖြစ်တဲ့အတွက် ဧက(၄၁)ဧက လျှောက်ပါတယ်။ Public Area ကို ဧက(၅၀)စီမံချက် ထည့်ဆွဲပေးထားပါတယ်။ Public Area အတွက် ကျပ်သိန်း(၃၀၀၀)ကို ကုမ္ပဏီ အနေနဲ့ လှူဒါန်းဖို့လျာထားပြီးသားပါ” ဟု Aquamarine Ecotourism Development Co.Ltd မှ ကုမ္ပဏီအကြံပေး ဒေါ်ဝင့်သန္တာဦး က ပြောသည်။
ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစား လူကြိုက်များ စိတ်ဝင်စားလာကြသည့် ပါပန့်ကျွန်း( Smart Island )၏ ကျွန်းပတ်ဝန်းကျင်နှင့် မြေပြင်အခြေအနေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်း၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ စက်တင်ဘာလ(၉)ရက်တွင် သွားရောက်လေ့လာခဲ့ကြပြီး ကျွန်း၏ သဘာဝကမ်းခြေ၊ သဘာဝကျောက်တောင်များနှင့် တောတောင်များကို ကွင်းဆင်းလေ့လာခဲ့ကြသည်။
“ ပါပန့်ကျွန်း( Smart Island )ရှိ ကျောက်လုံးကမ်းခြေဆိုတာ ကမ္ဘာမှာရှားပါးပါတယ်။ လက်ချိုးရေလို့ ရပါတယ်။ အဲလောက်ရှားပါးတဲ့ ကမ်းခြေကို ပျောက်ပျက်သွားမှာကို စိုးရိမ်တယ်။ ကျောက်လုံးတွေနဲ့ အရမ်းလှတဲ့ကျွန်းကို လာရောက်တဲ့ဧည့်သည့်တွေ စိတ်ချမ်းမြေ့စေချင်ပါတယ်။ ဧည့်သည် စိတ်ချမ်းသာဖို့က အဓိကပါဘဲ။ အဲဒါမှလည်း မြိတ်ခရိုင်ခရီးသွား လုပ်ငန်းရဲ့ပုံရိပ်လည်းကောင်းမှာပါ။ နောက်တချက်က သန္တာ ကျောက်တန်းကို ထိန်းသိမ်းဖို့ ကမ်းခြေမှာ အမှိုက်ကောက်ဖို့ အသင်းအနေနဲ့ ထိန်းသိမ်းသွားပါ့မယ်။ ဒီကျွန်း ပို့ဆောင်ရတဲ့ ခရီးသွားလုပ်ငန်းအကျိုးအမြတ်တွေထဲမှ ဒေသရဲ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးမှာ ပြန်သုံးမယ် စတဲ့ ရည်ရွယ်ချက်(၃)ခုဖြင့် ကျွန်းကို ထိန်းသိမ်းချင်ပါတယ်” ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဌ ဒေါက်တာသိန်းဆွေမြင့် က ပြောသည်။
ကျွန်းခရီးသွားလုပ်ငန်းသည် Smart ကျွန်းပေါ်လာပြီးမှ တအားများလာကြောင်း၊ နိုင်ငံခြားဧည့်သည် အနေနဲ့ နည်းပေမယ့် ပြည်တွင်းခရီးသွားဧည့်သည်တွေအနေနဲ့ အရမ်းများကြောင်း၊ ဒီနှစ်လည်း လာရောက် လည်ပတ်ဖို့ စုံစမ်းမေး မြန်းတာတွေ အရမ်းများနေကြောင်း၊ ကျောက်စရစ်ကမ်းခြေနဲ့ သဲဖြူကမ်းခြေတွဲ လျက်တည်ရှိပြီး အလယ်မှာလည်း တောအုပ်လေးရှိနေတော့ ပြည်တွင်း ပြည်ပ ခရီးသွားတွေအကြားမှာ ရေပန်းစားလာကြောင်း၊ Smart ကျွန်းကို မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဝင် ခရီးသွားလုပ်ငန်း တွေအားလုံးမှ ၂၀၁၆ခုနှစ်တွင် နှစ်ဘက်လှကျွန်းကို သွားလာခွင့်ပိတ်လိုက်တော့ ၂၀၁၇ခုနှစ် အောက်တိုဘာ တွင် စတင်ပို့ဆောင်ခဲ့ကြကြောင်း၊ အသင်းအနေနဲ့ ကျွန်းမှာ ဧည့်သည်တွေ စိတ်ပျော်ရွင်အောင် အခြေခံ အဆောက်အဦတွေနှင့် ခရီးသွားဇုန်ဖော်ဆောင်ရန်အတွက် အသင်းရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ၂၀၁၆ခုနှစ် စက်တင်ဘာလတွင် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းကော်မတီအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်မှ မြိတ်ခရိုင်တွင်ခရီးသွားဇုန်တစ်ခုဖော်ဆောင်ရန်လမ်းညွှန်မှာကြားချက်အရ သင့်လျှော်သည့် ကျွန်းကိုရှာဖွေရာ Smartကျွန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အသင်းအနေနဲ့ ကျွန်းတွင်လောလောဆယ်(၆၇)ဧက ထိန်းသိမ်းခွင့်ရဖို့ အစိုးရအဖွဲ့ကို တင်ပြထားကြောင်း မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြိတ်ဒေသမှာရှိတဲ့ ကျွန်းတော်တော်များများကို ပုလဲက လက်ဦးမှုယူထားတာရှိတယ်။ တခြားကုမ္ပဏီ အကြီးတွေ လက်ဦးမှုယူထားတာရှိတယ်။ မြိတ်ဒေသခံတွေလုပ်နေတဲ့ တစ်ပိုင်တစ်နိုင် SME ခရီးသွားကုမ္ပဏီ တွေက လုပ်ဖို့နေရာမရှိမှာစိုးလို့ ဒီ Smart ကျွန်းကို အသင်းအနေနဲ့ဘဲဖြစ်ဖြစ်၊ မြိတ်ဒေသခံ အများပိုင် အနေနဲ့ဖြစ်ဖြစ်၊ Public Zone ထားရှိပြီး သုံးစေချင်တာ ဒေသခံတွေရဲ့ဆန္ဒပါ။ ကျွန်းကို အသင်းနေနဲ့လျှောက်ပြီး ဟိုတယ်ခရီးဌာနရဲ့ စီမံခန့်ခွဲမှုနှင့်လုပ်ကိုင်မယ်ဆိုရင် ဒီကျွန်းရဲ့အလှအပပျောက်ပျက်မှုမရှိဘူး။ Smart ကျွန်း အခြေပြုပြီး ဒေသခံတွေ လူနေမှုအဆင့်အတန်း အလုပ်အိုင်အခွင့်အလှမ်းများလာမယ်လို့ မျှော်လင့်ထား ပါတယ်” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ဦးခင်မောင်ညို က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် သဘာဝအလှအပများဖြင့် ဖွဲ့စည်းတည်ရှိနေသည့် မြိတ်ကျွန်းစုရှိ ကျွန်းများကို ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလှမ်းရရှိရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကစီးပွားရေးအခန်းကဏ္ဍမြှင့်တင်ရေးနှင့် SME လုပ်ငန်းများ အောင်မြင်လာစေရေးအတွက် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူအခြေပြုအလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့သည့်နည်းတူ ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းကို အားပေးဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီကမ်းရိုးတန်း၏ လှပရှည်လျားသော သဲတန်းဖြူများ၊ ကြည်လင်စိမ်းလန်းသောရေပြင်၊ အလွန်လှပသောရေအောက်ရှုခင်းများ၊ သန္တာကျောက်တန်းများ၊ မျိုးစိတ်ပေါင်းများစွာသော ရေနေသတ္တဝါ များဖြင့် ကျွန်းပေါင်း(၈၀၀)ကျော်ဖွဲ့စည်းတည်ရှိသော မြိတ်-ကျွန်းစုတွင် ကျွန်းအပန်းခြေခြင်း၊ ပုလဲမွေးမြူရေး လုပ်ငန်းလေ့လာခြင်းဖြင့် လာရောက်ကြမည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစား လူကြိုက်များ စိတ်ဝင်စားလာကြသည့် ပါပန့်ကျွန်း( Smart Island )မှသည် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆီသို့ အရောက်လှမ်းနိုင်ပေတော့မည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )