၂၇ ဇွန်

ပါပူအာနယူးဂီနီ၏ အနောက်နယူးဗြိတိန်ပြည်နယ်တွင် မီးတောင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားကာ ပြာများ ကောင်းကင်ပေါ်သို့ ၁၉ ကီလိုမီတာ အမြင့်ဖွာထွက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၄ နာရီ ကျော်က လူပေါင်း ၅၀ဝ၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ကြသည်။

ပါပူအာနယူးဂီနီ ဘူမိဗေဒနှင့်ဆိုင်သော လေ့လာသုံးသပ်ချက်အရ တောင်ပစိဖိတ်နိုင်ငံရှိ ဘေးအန္တရာယ်အများဆုံးဖြစ်သည့် မီးတောင် ခြောက်လုံးထဲတွင် ပါဝင်သည့် Ulawun တောင်သည် ယမန်နေ့မနက်ပိုင်း ၁၁ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှု ပြင်းထန်ခဲ့ရာ ဒေသခံများ အံ့အားသင့်ရကြောင်း ဘေးအန္တရာယ်တုံ့ပြန်ရေး အရာရှိ Martina Taumosi က Post Courier သတင်းစာတွင် ယနေ့ပြောကြားခဲ့သည်။

Kabaya ၌ ဘေးကင်းလုံခြုံမှုရှိရန် Ulamona နှင့် Noau ဒေသများမှ ပြည်သူများ ပြောင်းရွှေ့ရန် အလျင်အမြန်လုပ်ဆောင်နေကြောင်း၊ ရွှေ့ပြောင်းရန်ယာဉ်မလုံလောက်မှုကြောင့် ရွာသားများအနေဖြင့် အမြန်ရွှေ့ပြောင်းမှု လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။

ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သားများက ထိုဒေသခံရွာသားများ ဘေးကင်းလုံခြုံမှုရှိစေရန် ယာဉ်ငါးစီးဖြင့် ခေါက်တုံ့ခေါက်ပြန် ပို့ဆောင်ကာ မရပ်မနားလုပ်ဆောင်ခဲ့ရကြောင်း  ဒေသန္တရ ရပ်ရွာခေါင်းဆောင် Chris Lagisa က ဆိုသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို