လှည်းကူး ၁၇ ဇန်နဝါရီ
ပရဟိတ လူငယ်များအဖွဲ့ ( PUF )မှ ကြီးမှူးကျင်းပသော ပထမအကြိမ်မြောက် စာပေဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြေက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စာပေဟောပြောပွဲတွင် အ.ထ.က(မြို့မ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ဝေက အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ ဦးဘုန်း(ဓာတု)မှ " Life is about reading " ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် " ငယ်ရွယ်စဉ်နုပျိခြင်း၏ အနှစ်သာရကို ပြန်လည်မရနိုင်တော့သည်ကို တမ်းတမိကြောင်း၊ ငယ်စဉ်ဘဝက ကျောင်းဝတ်စုံ(၂)စုံရှိရင် ပြည့်စုံပြီဟုထင်ရပေမယ့် အသက်အရွယ်နဲ့ ဘဝပေးအခြေအနေအရ ဘယ်လိုမှ ပြည့်စုံမှုမရှိဘူးဆိုတာ သိရှိလာကြောင်း၊ ငယ်စဉ်ကျောင်းသားဘဝသာ ပို၍ကောင်းမွန်ပြီး ကျောင်းသား ဘဝတွေမှာက မိမိ၏ အတွေးအမြင်၊ ရည်မှန်းချက်တွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်မှသာ ဘဝ၏အနှစ်သာရ အဓိပ္ပါယ်ရှိအောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းဆိုသည်မှာ အနာဂတ်ခေတ်မီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် လေ့ကျင့်သင်ကြားပေးနေသော ကျောင်းတော်ကြီးဟု သတ်မှတ်နိုင်ပြီး ကျောင်းသား/သူများကိုတော့ အနာဂတ်ကို တည်ဆောက်နေသူများဟု သတ်မှတ်ချင်ကြောင်း၊ ကျောင်းသား/ သူများအနေဖြင့် ကြိုးစားလေ့လာသင်ယူရန် လိုအပ်ကြောင်း "စသည်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် စိုးထိုက်(ဖဒို)မှ " ပညာ "ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် " ပညာဆိုသည်မှာ နိုင်ငံ၏အရေးကြီးသော ဒေါက်တိုင်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက မိမိ၏ ကိုယ်ပိုင်အသိပညာ အတတ်ပညာကိုလည်း လေ့လာသင်ယူသင့်ကြောင်း၊ ယခုခေတ် အခြေအနေအရ နည်းပညာ၊ အတတ်ပညာများ တိုးတက်လာသဖြင့် ပညာသည် မရှိမဖြစ်အရေးကြီးကြောင်း၊ ဘဝအတွက် အရေးကြီးဆုံးအရာဖြစ်သည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ငယ်စဉ်အရွယ်မှစ၍ ပညာရှာဖွေရမည်ကို နားလည်ထားသင့်ကြောင်း" စသည်ဖြင့် ဟောပြောခဲ့ပြီး စာပေဟောပြောပွဲသို့ အ.ထ.က(မြို့မ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ဝေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၆၀ဝ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)
