ရန်ကုန် ၆ အောက်တိုဘာ
ပရဟိတ အကျိုးဆောင်အလှူရှင်များ(ရန်ကုန်မြို့)က ကြီးမှူးကျင်းပသော အဋ္ဌမအကြိမ်မြောက် သာမဏေအပါး (၁၈၀ဝ) နှင့် သီလရှင် အပါး(၆၀ဝ)တို့အား ဝါဆို သင်္ကန်းနှင့် သီလရှင်ဝတ်စုံများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲ၁နာရီတွင် ရန်ကုန်မြို့ သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော်မြတ်ကြီးအတွင်းရှိ ဝိမုတ္တိရသဓမ္မာရုံကြီး၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒထံမှ ပရိသတ်က ငါးပါးသီလခံယူဆောက် တည်ကြသည်။ ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြပြီး အလှူရှငျများနှင့် ပရိသတ်တို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မူလဆယ်တောင်ပြည့် ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးစေတမန်ဆုများရှင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလက ယနေ့သာသနာတော်ကြီးအား ချီးမြှောက်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ဖွယ် စကားမြွက်ကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတိုင်းဒေသကြီး သာသနာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက လှူဒါန်းရခြင်းအကြောင်းကို လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဝိဒ က အနုမောဒနာတရားမြွက်ကြားကာ ပရိသတ်က လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများလောင်းလှူကြသည်။ယနေ့ လှူဒါန်းပွဲတွင် မူလဆယ်တောင်ပြည့်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်နှင့် အလှူရှင်များ၊ ပရဟိတအကျိုးဆောင် အလှူရှင်များ(ရန်ကုန်မြို့)တို့က သာမဏေအပါး ၁၈၀ဝ နှင့် သီလရှင်အပါး ၆၀ဝ တို့အတွက် ငွေကျပ် ၁၃၀၅သိန်း တန်ဖိုးရှိ ဝါဆိုသင်္ကန်းနှင့် သီလရှင်ဝတ်စုံများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


