သထုံ ၁၈ ဧပြီ
မွန်ပြည်နယ်၊ သထုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဧပြီ ၁၇ ရက်၊ ညနေ ၆ နာရီအချိန်က လူငယ်ပရဟိတအဖွဲ့ ၃ ဖွဲ့ပူးပေါင်းကာ ဘင်လှိုင်ရပ်ကွက်နှင့် ဂေါ့ကျေးရွာ နေရာအနှံ့အပြား၌ ဆေးဖျန်းယာဉ်နှစ်စီးဖြင့် ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးခဲ့ကြောင်း သိရသည်။
"ဆေးဖျန်းပုံးတွေနဲ့လိုက်ဖျန်းနေတာ အရင်ထဲကပါ။ ထိရောက်မှုပိုကောင်းအောင်လို့ ဆေးဖျန်းယာဉ်တွေနဲ့ ရပ်ကွက်တွေထဲလိုက်ဖျန်းတာကိုတော့ ဧပြီလ ၁၆ ရက်နေ့က စလုပ်တယ်။ ရပ်ကွက်အသီးသီးက လမ်းကြိုလမ်းကြားမကျန် အကုန်ပြီးသွားရင် အဝေးပြေးလမ်းမကြီးတွေကိုလည်း လုပ်မှာပါ" ဟု အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအသင်းမှ ကိုဥက္ကာထွန်းက ပြောသည်။
ဆေးဖျန်းယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းကို သထုံမြို့ရှိ အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်း၊ အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအသင်းနှင့် သက်တန့်ရောင်စဉ် လူမှုကယ်ဆယ်ရေး အသင်းတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ Community Based Facility Quarantine Centre များ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများကိုပါ ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပူးပေါင်း၍ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ဦး(သထုံ)