ပါရီ ရာသီဥတု သဘောတူညီမှုကနေ  အမေရိကန် လက်ပြနှုတ်ဆက်တော့မည့်အချိန်

၇  နိုဝင်ဘာ

အမေရိကန်ပြည်ထောင်စုကတော့ ပါရီသဘောတူညီမှုကနေ နုတ်ထွက်မယ့် အစီအစဉ်ကို ကုလသမဂ္ဂကို တရားဝင်အကြောင်းကြားလာခဲ့ပါပြီ။ တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှ သဘောတူညီမှုကနေ နုတ်ထွက်ဖို့အတွက် တစ်နှစ်ကြာလုပ်ငန်းစဉ်တွေကို အစပြုဖို့ ကုလသမဂ္ဂကို အကြောင်းကြားမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

မျှတမှုမရှိတဲ့သဘောတူညီမှဟုဆို

၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲပြီးတဲ့နောက်မှာ နုတ်ထွက်တဲ့ လုပ်ငန်းစဉ်ဟာလည်း ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။ ပါရီသဘောတူညီမှုဆိုတာ ကတော့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်မယ်ဆိုပြီး နိုင်ငံပေါင်း ၁၈၈ နိုင်ငံပါဝင်ခဲ့တဲ့ သဘောတူညီမှုလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအတွင်းက ပါရီသဘောတူညီမှုကနေ နုတ်ထွက်ဖို့ လုပ်ငန်းစဉ်အကြောင်းကြေညာပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်လွန်ပီဒိုက ဒီသဘောတူညီချက်ဟာ မျှတမှုမရှိတဲ့အကြောင်း၊ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအပေါ် မညီမျှတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းခိုင်းတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ပါရီသဘောတူညီမှုအရ ပါဝင်လက်မှတ်ရေးထိုးတဲ့နိုင်ငံတွေဟာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေ ခံစားနေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို အကူအညီပေးဖို့ ကတိပြုထားကြပါတယ်။

ပါရီသဘောတူညီမှုကို ထိခိုက်နိုင်

၂၀၁၇ခုနှစ် ဇွန်လမှာတော့ ပါရီသဘောတူညီမှုကနေ အမေရိကန် နုတ်ထွက်မယ်ဆိုပြီး သမ္မတထရမ့်က သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောခဲ့ပါတယ်။ ပါရီသဘောတူညီမှုရဲ့နောက်မှာ အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ ၂၀၂၀ နိုဝင်ဘာမှာ စတင်သက်ဝင်မှာဖြစ်ပြီး လက်ရှိသမ္မတထရမ့်ရဲ့ သမ္မတ သက်တမ်းကုန်ခါနီး အချိန်လေးမှာ နုတ်ထွက်မှု အသက်ဝင်လာမှာပဲ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့်လည်း ဥရောပသမဂ္ဂဟာ ပါရီသဘောတူစာချုပ်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ ကြိုးစားရပါတော့မယ်။ အပြည်ပြည်ဆိုင်ရာနဲ့ ဥရောပရေးရာ အင်စတီကျုက ထုတ်ပြန်တဲ့ ၂၀၁၈ခုနှစ် အစီရင်ခံစာမှာတော့ ပါရီသဘောတူစာချုပ်ကနေ နုတ်ထွက်မယ်ဆိုတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီမှုကို ထိခိုက်သွားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပြန်ဝင်ဖို့မလွယ်ကူ

ပါရီသဘောတူညီမှုကနေ နုတ်ထွက်တဲ့ဆုံးဖြတ်ချက်ဟာ လာမယ့်ရွေးကောက်ပွဲမှာလည်း အများကြီး သက်ရောက်မှုရှိပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရခဲ့ဘူးဆိုရင် အနိုင်ရရှိသွားသူဟာ ဒီအစီအစဉ်ကို ပြောင်းလဲကောင်း ပြောင်းလဲလိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအချိန်လေးအတွင်းမှာ နုတ်ထွက်မှုကို အပြီးသတ်လုပ်ဆောင်သွားမှာကိုလည်း သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေမှာ စိုးရိမ်ကြပါတယ်။ နိုဝင်ဘာ ၄ ရက်မှာ ကုလသကို ပေးပို့ခဲ့တဲ့စာမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီး နောက်တစ်နေ့မှာ အမေရိကန်ကို ပါရီသဘောတူညီမှုကနေ တရားဝင်နုတ်ထွက်ခွင့်ပေးဖို့ ပါရှိပါတယ်။ သုတေသီတွေ သတိပြုမိတာကတော့ တကယ်လို့များ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ဘက်က သမ္မတအဖြစ် ရွေးချယ်ခံရရင်တောင် ပါရီသဘောတူညီမှုမှာ ပြန်လည်ပါဝင်ဖို့ မလွယ်ကူလောက်ဘူးဆိုတာပါပဲ။

စွမ်းအင်ကဏ္ဍမှာအင်အားကြီးဖို့ကတိပြု

သမ္မတထရမ့်ကတော့ အမေရိကန်ကို စွမ်းအင်ကဏ္ဍမှာစူပါ ပါဝါအင်မားကြီးနိုင်ငံအဖြစ် ပြောင်းလဲဖို့ ကတိပြုထားပါတယ်။ ဒါကြောင့်လည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေတဲ့ဓာတ်ငွေ့၊ ရေနံ၊ ကျောက်မီးသွေးနဲ့ ရေနံထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချခြင်းဆိုင်ရာ ဥပဒေတွေကို ဖယ်ရှားပစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူ့ အရင်သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ အိုဘားမားရဲ့ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး အစီအစဉ်တွေဟာ အမေရိကန် စွမ်းအင်ကဏ္ဍအပေါ် စစ်ပြုလိုက်တာပဲလို့ ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ပါရီ သဘောတူညီမှုကနေ နုတ်ထွက်မယ်ဆိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာပြီးတဲ့နောက် ထရမ့်က သူဟာ ပစ္စဘတ်ချ်မြို့သားအဖြစ် ရွေးကောက်ခံခဲ့ရတာဖြစ်ပြီး ပါရီမြို့သားမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ညှိနှိုင်းမှုမလုပ်ဆောင်

အမေရိကန်ရဲ့ အကျိုးစီးပွားကိုထိခိုက်စေတဲ့ စာချုပ်၊ သဘောတူညီမှုတွေ အားလုံးကို နုတ်ထွက်တာ ဒါမှမဟုတ် ပြန်လည်ညှိနှိုင်းတာမျိုး ပြုလုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ထရမ့်အစိုးရအဖွဲ့ဟာ ပါရီ သဘောတူညီမှုမှာတော့ ပြန်လည်ညှိနိုင်ဖို့ ကြိုးပမ်းမှုမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းကို အမေရိကန်က လျှော့ချရမှာဖြစ်ပြီး နည်းပညာဆိုင်ရာသာမက ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် အပူချိန်မြင့်တက်လာမှုကို တိုက်ဖျက်တဲ့နေရာမှာ ဒါဟာ သိသာထင်ရှား တဲ့သတ်မှတ်ချက်ပါပဲ။

တရုတ်နဲ့ အိန္ဒိယတို့အင်တိုက်အားတိုက်ပါဝင်ဖို့လို

အမေရိကန်မပါဝင်တော့ဘဲ ဒီသဘောတူညီချက်ကို ရှေ့ဆက်သွားဖို့ဆိုရင် ညစ်ညမ်းမှုကို အဓိကဖြစ်စေတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကလည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လာဖို့ လိုအပ်ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာကြီးပူနွေးမှုအတွက် ညစ်ညမ်းစေသော ပစ္စည်းတွေ ထုတ်လွှတ်တဲ့ အကြီးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပူချိန် လျှော့ချနိုင်ဖို့အတွက် ပြန်လည်လုပ်ဆောင်နိုင်စွမ်းအားကတော့ မေးခွန်းထုတ်စရာပါပဲ။ ကုလသမဂ္ဂရဲ့ စည်းမျဉ်းဥပဒေတွေ တရုတ်နဲ့အိန္ဒိယတို့ဟာ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။ ဒါကြောင့်လည်း ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို အဓိကလျှော့ချဖို့အတွက် တာဝန်ရှိတယ်လို့ ယူဆခြင်းမခံရပါဘူး။

ဥရောပသမဂ္ဂရဲ့ ကြိုးပမ်းမှု

ဥရောပသမကတော့ ဒီသဘောတူညီမှု ဆက်လက်တည်ရှိနိုင်ရေးအတွက် ကြိုးပမ်းနေပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း ဥရောပသမဂ္ဂက အဆင့်မြင့်အရာရှိကြီးများအဆင့် ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဥရောပသူနဲ့ တရုတ်နိုင်ငံတို့ကြား ပါရီသဘောတူညီမှုပါ ကတိပြုချက်တွေ အတည်ဖြစ်စေဖို့ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်ပါတယ်။ ပါရီမြို့မှာ ဘယ်လိုအချက်တွေကို သဘောတူခဲ့ကြတာပါလဲ။ ရာသီဥတုပြောင်းလဲမှု သို့မဟုတ် ကမ္ဘာကြီးပူနွေးလာမှုဟာ စက်ရုံလုပ်ငန်းတွေက မီးခိုးငွေ့ ထုတ်လွှတ်မှုတွေ၊ စိုက်ပျိုးရေးလုပ်ငန်းရဲ့ သက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်ရတာလည်း ဖြစ်ပါတယ်။ ပါရီသဘောတူညီချက်ကတော့ ကမ္ဘာအပူချိန် မြင့်တက်လာမှုကို ကန့်သတ်ဖို့ပဲ ဖြစ်ပါတယ်။  ၂၀၅၀ နဲ့ ၂၁၀ ခုနှစ် ကြားမှာ လူတွေရဲ့ အပြုသူကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကန့်သတ်နိုင်ပြီး သစ်ပင်၊ မြေကြီးနဲ့ သမုဒ္ဒရာတွေကနေ သဘာဝအတိုင်း စုပ်ယူနိုင်တဲ့ ပမာဏဖြစ်ဖို့ ရည်ရွယ်ထားကြပါတယ်။ ဒီလိုပမာဏအတိုင်း ဖြစ်ဖို့အတွက် တစ်နိုင်ငံချင်းစီဟာ သူတို့သတ်မှတ်ထားတဲ့အတိုင်း လျှော့ချဖို့အတွက် ငါးနှစ်တစ်ခါ တိုင်းတာမှုတွေ၊ လေ့လာမှုတွေ ပြုလုပ်ပါတယ်။

ပထမဆုံးအကြိမ်မဟုတ်

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု သဘောတူညီမှုကနေ အမေရိကန်နုတ်ထွက်တာကတော့ အခုတစ်ကြိမ်ဟာ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ဒီမိုကရက်တစ်ဘက်က သမ္မတအဖြစ် ရွေးကောက်ခံရတဲ့အခါမှာ ပါရီသဘောတူညီမှုမှာ ပါဝင်ခဲ့ပြီး ရီပက်ဘလစ်ကန်ဘက်မှ သမ္မ ထရမ့် ရွေးကောက်ခံရတဲ့အခါမှာတော့ ပြန်လည်နုတ်ထွက်သွားပြန်ပါတယ်။ ရီပက်ဘလစ်ကန် သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တုန်းကလည်း အမေရိကန်ကို ကျိုတို သဘောတူညီမှုကနေ ဆွဲထုတ်သွားခဲ့ဖူးပါတယ်။ ။

ခြူးစန္ဒီနွေး

ကိုးကား- နယူးယောက်တိုင်းမ်၊ ဘီဘီစီ