ကလျာမိုးမြင့်
ပြင်သစ်နိုင်ငံတစ်ဝန်းမှာ အစိုးရကဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပွားလာခဲ့တာဟာ အခုဆိုရင် ရက်သတ္တပတ် ခုနစ်ပတ်လောက် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက်မှာ ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်ပီက ခွင့်ပြုချက်နဲ့မညီတဲ့ ဆန္ဒပြပွဲတွေကျင်းပနေတဲ့ ပြည်သူတွေကို အင်အားသုံးနှိမ်နင်းမှုတွေ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။
တပ်ဖွဲ့ဝင်များချထားမည်
ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးနေတဲ့ သူတွေကို ဆန္ဒပြပွဲတွေမှာ မပါဝင်အောင်တားဆီး ပိတ်ပင်ပြီး ဆန္ဒပြပွဲတွေမှာ မျက်နှာဖုံး ဝတ်ဆင်မှု တွေအပေါ် နှိပ်ကွပ်သွားမယ့် ဥပဒေမူကြမ်း တစ်ရပ်ကို ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်ပီရဲ့ အစိုးရအဖွဲ့က ရေးဆွဲချင်နေတာ ဖြစ်ပါတယ်။ နောက်ထပ် ပေါ်ပေါက်လာနိုင်ဖွယ်ရှိတဲ့ ဆန္ဒပြပွဲတွေ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ဝ၀ဝ လောက်ကို ချထားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ယခုရက်ပိုင်းအတွင်းမှာပဲ ပါရီမြို့မှာရှိတဲ့ အစိုးရအဆောက်အအုံရဲ့ တံခါးကို ဆန္ဒပြလူအုပ်က လုပ်ငန်းခွင်သုံးကားကြီးတစ်စီးနဲ့ အတင်းဝင်တိုက်ခဲ့ တဲ့အတွက် အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ဂရီပက်နဲ့ဝန်ထမ်းတွေ အဆောက် အအုံထဲကနေ ထွက်ပြေးခဲ့ရပါတယ်။
မော်တော်ယာဉ်တွေကို မီးရှို့
ပါရီမြို့မှာဖြစ်ခဲ့တဲ့ အခြားရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေမှာ ဆန္ဒပြသူတွေဟာ ရဲတွေနဲ့ တိုက်ခိုက်ခဲ့ကြပြီး ကားတွေနဲ့ မော်တော် ဆိုင်ကယ်တွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။ လောင်စာဆီခွန်တိုးမြှင့်ကောက်ခံမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ရက်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး အဝါရောင် အပေါ်အင်္ကျီဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူတွေဟာ နိုင်ငံတစ်ဝန်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ သီတင်းပတ်အကုန်ရက်တိုင်းမှာ အလားတူ ဆန္ဒပြပွဲတွေ မပျက်မကွက်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး ဆန္ဒဖော်ထုတ်သူ အရေအတွက် လျော့နည်းလာတယ်ဆိုပေမယ့် ပြင်သစ်နိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာ အဓိကရုဏ်းဖြစ်ပွားမှုတွေနဲ့ လူစုဖြိုခွဲမှုတွေကို ဆက်လက်မြင်တွေ့နေရဆဲပါပဲ။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေကြောင့် ပြည်သူ ခြောက်ဦးသေဆုံးခဲ့ပြီး လူ ၁၄၀ဝ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အစိုးရက ဘယ်လိုစီစဉ်ဆောင်ရွက်သွားမလဲ
ပြင်သစ် ရုပ်မြင်သံကြားချန်နယ် TF 1 မှာ စကားပြောဆိုခဲ့စဉ်အတွင်း ပြင်သစ်ဝန်ကြီးချုပ် ဖိလစ်ပီက အစိုးရဟာ ဆန္ဒပြပွဲတွေပြုလုပ်ဖို့ လိုအပ်တဲ့အချက်တွေကို လေးစားလိုက်နာမှုမရှိတဲ့ သူတွေ၊ ခွင့်ပြုချက်မရရှိတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့သူတွေနဲ့ မျက်နှာဖုံးတွေဝတ်ဆင်ပြီး ဆန္ဒပြပွဲတွေကို ရောက်လာကြတဲ့သူတွေကို အပြစ်ပေးအရေးယူသွားမယ့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ပြဿနာရှာတဲ့သူတွေ ဆန္ဒပြပွဲတွေမှာ မပါဝင်နိုင်အောင် ပိတ်ပင်မယ်။ ဘောလုံးသမား လူရမ်းကားတွေလည်း အားကစားရုံတွေကို ဝင်ရောက်ခွင့်ပိတ်ပင်ထားပြီလို့ ဆိုပါတယ်။ တကယ့် ဝန်ထုပ်ဝန်ပိုးက အခွန်ထမ်းပြည်သူတွေမဟုတ် တော့ဘဲ ပြဿနာရှာဖို့ ကြိုးစားနေတဲ့လူရမ်းကား တွေဖြစ်သွားပြီလို့ ၎င်းကပြောပါတယ်။
မြို့နေလူတန်းစားတွေကို မျက်နှာသာပေး
မော်တော်ယာဉ်လောင်စာဆီခွန် တိုးမြှင့် ကောက်ခံမှုနဲ့ပတ်သက်ပြီး စတင်လာခဲ့တဲ့ ဆန္ဒပြ ပြည်သူတွေရဲ့ဒေါသဟာ သမ္မတ မက်ခရွန်ရဲ့ ခေါင်းဆောင်မှုအပေါ် မကျေမနပ်ဖြစ်မှုတွေ ပိုပြီးကြီးထွားလာခဲ့ရပါတယ်။ ဆန္ဒပြပြည်သူတွေက သမ္မတမက်ခရွန်ဟာ မြို့နေလူတန်းစားတွေကို မျက်နှာသာပေးနေတယ်လို့ စွပ်စွဲနေကြပါတယ်။ ကျွန်ုပ်တို့ရဲ့ အဖွဲ့အစည်းအပေါ် မေးခွန်းထုတ် နေကြတဲ့သူတွေမှာ နောက်ဆုံးစကားလုံးဆိုတာ ရှိလာမှာမဟုတ်ဘူးလို့ မစ္စတာဖိလစ်ပီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အစိုးရရဲ့အစီအစဉ်ကို လက်ခံကြိုဆို
အစိုးရဘက်က တင်းမာတဲ့သဘောထားကို ဖော်ပြလာတဲ့လက္ခဏာ တစ်ခုအနေနဲ့ ရဲတွေဟာ ဆန္ဒပြခေါင်းဆောင်ဖြစ်တဲ့ ထရပ်ကားမောင်းသူ အဲရစ်ဒရိုဝက်ကို ပါရီမှာခွင့်ပြုချက်မရရှိဘဲ ဆန္ဒ ဖော်ထုတ်မှုကို စီစဉ်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဖမ်းဆီးခဲ့ပါတယ်။ ဆီးနိတ်လွှတ်တော်အမတ် ဘရူနို ရီတေလီယူက ဆန္ဒပြသူတွေကို နှိပ်ကွပ်မယ့် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး လက်ခံကြိုဆိုခဲ့သလို ဆန္ဒပြပွဲတွေမှာပါဝင်နေတဲ့ ပြဿနာရှာသူ လူရမ်းကားတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသင့်တယ်လို့ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။
တစ်ပတ်ထက်တစ်ပတ် အခြေအနေပိုဆိုးလာ
သို့သော်လည်း ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင် Laurent Wauquiez က အစိုးရ ရဲ့အစီအစဉ်ဟာ လုံလောက်မှုမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်တာဟာ ချက်ချင်း တော့ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ၎င်းရဲ့ပါတီဟာ အရေးပေါ် အခြေအနေ တစ်ရပ်ထုတ်ပြန်ဖို့ အရင်အကြံပေး ခဲ့တယ်။ ကျွန်ုပ်တို့ အကြံပေးတာကို ဘာလို့ လက်မခံခဲ့သလဲ။ တစ်ပတ်ပြီးတစ်ပတ် အခြေအနေတွေ ဆိုးဆိုးလာတာကို မြင်ရဖို့ စွန့်စား နေသလားလို့လည်း ရေးသားထားပါသေးတယ်။
သို့သော်လည်းပဲ လက်ဝဲယိမ်း ခေါင်းဆောင် Jean Luc Melenchon က အစိုးရရဲ့ အစီအစဉ်က ဆန္ဒဖော်ထုတ်သူတွေ ကြာကြာ ဆန္ဒပြနိုင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဆောင် လာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဆန္ဒပြပွဲတွေဘယ်လောက်ထိ အခြေအနေ ဆိုးလာပြီလဲ
ပြီးခဲ့တဲ့စနေနေ့က ဆန္ဒပြသူတွေဟာ ပါရီမြို့က Boulevard Saint Germain လမ်းပေါ်မှာ မီးရှို့ဖျက်ဆီးတာတွေကို စတင်လုပ်ဆောင် လာခဲ့ပါတယ်။ ပြင်သစ်လုံခြုံရေး တပ်ဖွဲ့တွေ၊ နိုင်ငံရဲ့အထင်ကရ နေရာတွေကို ဦးတည် တိုက်ခိုက်လာတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေဟာဆိုရင် နိုင်ငံသားတွေ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မေ့လျော့နေတဲ့ အခြေအနေကို ဖော်ပြနေတာကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ သမ္မတမက်ခရွန်က ပြောကြားခဲ့ပါတယ်။
ဆန္ဒပြခေါင်းဆောင်တွေပေါင်းစည်း
သမ္မတမက်ခရွန်က လောင်စာဆီခွန်တိုးမြှင့် ကောက်ခံမှုကို ပယ်ဖျက်မယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာလ အတွင်းက ပြေရာပြေကြောင်း ပြောဆိုခဲ့ပေမယ့် ဒါက ဆန္ဒပြ ပြည်သူတွေရဲ့ဒေါသတွေကို ငြိမ်းသွားအောင် မစွမ်းနိုင်ခဲ့ပါဘူး။ အခုဆိုရင် ဆန္ဒပြ ခေါင်းဆောင်တွေဟာ ပူးပေါင်းမိသွားကြပြီး ပူးပေါင်းနိုင်ငံရေး အင်အားစုတစ်ရပ် အနေနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင် သွားကြဖို့ ကြိုးပမ်းနေကြပြီဖြစ်တာမို့ အစိုးရအနေနဲ့ သတိကြီးကြီးထားပြီး စနစ်တကျ အစီအမံတွေချပြီး ကိုင်တွယ်ဆောင်ရွက်ရတော့မယ့် အနေအထားဖြစ် နေပါပြီ။
တခြားမြို့ ကြီးတွေဖြစ်ကြတဲ့ ဝူအွန်နဲ့ ခန် တို့မှာလည်း အဓိကရုဏ်းဖြစ်ပွားမှုတွေ မြင်တွေ့နေရပြီး နိုင်ငံတစ်ဝန်းက လမ်းတွေပေါ်မှာ ပြည်သူ ၅၀ဝ၀ဝ လောက် ပါဝင်လှုပ်ရှားနေကြပါတယ်။ တောင်ပိုင်း တူလွန်မြို့က ဆန္ဒပြပွဲတစ်ခုမှာ ရဲအရာရှိကြီးတစ်ဦးက ပြည်သူတွေကို တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ပေါ်ထွက်လာပြီးနောက်မှာ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင် နေပါတယ်။
ကိုးကား-အေအက်ဖ်ပီ ၊ဆင်ဟွာ