ပရီမီယာလိဂ်ပွဲစဉ် (၃၆) အဖြစ် မန်ယူနှင့် လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားမည်

ပရီမီယာလိဂ်ပွဲစဉ် (၃၆)အဖြစ် မန်ယူအသင်းနှင့် လက်စတာအသင်းတို့ပွဲစဉ်ကို မေ ၁၁ ရက် (ယနေ့) ည ၁၁ နာရီခွဲတွင် မန်ယူ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မန်ယူအသင်းသည် မေ ၉ ရက်က ပွဲစဉ် (၃၅) အဖြစ် အက်စ်တွန်ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိထားသည်။ ပြိုင်ဘက် လက်စတာအသင်းက (၃၅) တွင် နယူးကာဆယ် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး လေးဂိုး- နှစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

လက်ရှိအမှတ်ပေးဇယားတွင် မန်ယူအသင်းက ၃၄ ပွဲကစားပြီး ရမှတ် ၇၀ ဖြင့် အဆင့် (၂) နေရာတွင် ရပ်တည်နေသည်။ လက်စတာအသင်းက ၃၅ ပွဲ ကစားပြီး ၆၃ မှတ်ဖြင့် အဆင့် (၄) နေရာတွင် ရပ်တည် နေသည့် အသင်းဖြစ်သည်။ ထို့အပြင် လက်စတာအသင်းသည် အဆင့်(၅)နေရာမှ ဝက်စ်ဟမ်းအသင်း နှင့် ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေသောကြောင့် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရမှတ် လိုအပ် ချက် ရှိနေသည့်အတွက် ယနေ့ပွဲစဉ်သည် အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ် သည်။

မန်ယူအသင်းသည် ယခု ပွဲစဉ်ပြီးလျှင် မေ ၁၄ ရက်တွင် လီဗာပူး၊ မေ ၁၈ ရက်တွင် ဖူလ်ဟမ်စသည့် အသင်းများနှင့် ဆက်တိုက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ဘက်လက်စတာအသင်းကလည်း ယခု ပွဲစဉ်ပြီးလျှင် မေ ၁၅ ရက်တွင် အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်အဖြစ် ချယ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစား ရန် ရှိနေသည်။ သို့သော်လည်း လက်စတာအသင်းသည် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန်ပွဲစဉ်များကို နိုင်ပွဲရရှိရန် လိုအပ်နေသည်။ ထို့အပြင် လက်စတာအသင်း၏ လက်ကျန်ပွဲစဉ် နှစ်ပွဲအဖြစ် မေ ၁၉ ရက်တွင် ချယ်ဆီး၊ မေ ၂၃ ရက်တွင် စပါး စသည့် အသင်းကြီးများနှင့် ရင်ဆိုင် ကစားရဦးမည်ဖြစ်သောကြောင့် ရမှတ်စုဆောင်းနိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိသွားမလား စိတ်ဝင်စားဖွယ်ရာပင်။

မန်ယူအသင်းနှင့် လက်စတာအသင်းတို့ ပထမအကျော့ လက်စတာ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားစဉ် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ သို့သော်လည်း အဆိုပါ နှစ်သင်းသည် ယခုနှစ်ရာသီ ဒုတိယအကြိမ် တွေ့ဆုံမှုအနေဖြင့် အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် တွေ့ဆုံခဲ့ပြီး လက်စတာအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် မန်ယူအသင်းပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ထို့ကြောင့် အဆိုပါနှစ်သင်း ယခု အကြိမ်တွေ့ဆုံမှုသည် တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ဗီလာအသင်းနှင့်ပွဲစဉ်တွင် အသင်းမှ ဂရင်းဝုဒ်၊ ဖာနန်ဒက်ဇ်၊ ပေါ့ဂ်ဘာ၊ ကာဗာနီတို့ ခြေစွမ်းပြသထားနိုင်သည့် အတွက် ယနေ့ပွဲစဉ်တွင်လည်း အဆိုပါ ကစားသမားများဖြင့် ပွဲထွက်လာမလား စောင့်ကြည့်ရမည်ဖြစ်သည်။ လက်စတာအသင်းကလည်း ပြီးခဲ့သည့်ပွဲစဉ်တွင် နယူး ကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့သည်ဆိုသော်ငြား အသင်းမှ ဖိုဖာနာ၊ အဲလ်ဘရိုက်တန်၊ မက်ဒီဆင်၊ အီဟီယာနာချို၊ ဗာဒီတို့ ခြေစွမ်းပြသထားနိုင်သည့်အတွက် ယနေ့ပွဲစဉ်တွင်လည်း အဆိုပါ ကစားသမား များဖြင့် မန်ယူအသင်းကို ရင်ဆိုင်လာမလား စောင့်ကြည့်ရမည်ဖြစ်သည်။

အောင်ဇော်