ဇွန် ၂၆
ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် အိုလံပစ်အားကစားပြိုင်ပွဲမကျင်းပမီ တစ်လအလိုတွင် လုံခြုံရေးတင်းကျပ်မှုသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ အဆိုပါအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် အားကစားသမား ၁၀၀၀၀ ခန့်သည် လှေအစီးရေ ၉၀ ဖြင့် စိန်မြစ်ပေါ်တွင် ခြောက်ကီလိုမီတာအကွာ ချီတက်မည်ဖြစ်သည်။
အားကစားပွဲကြည့်ပရိသတ် ၃၂၀၀၀၀ ကျော်သည် ထိုချီတက်ပွဲကိုကြည့်ရှုရန် မြစ်ကမ်းပါးများတွင် စီတန်းနေမည်ဟုယူဆရသည်။ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် အားကစားပွဲကျင်းပရာနေရာ အပြင်ဘက်တွင်ကျင်းပမည်ဟု အားကစားပွဲစီစဉ်သူများကဆိုသည်။
ပါရီအာဏာပိုင်များသည် အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီးရန် ထိုအခမ်းအနားမတိုင်မီ ရှစ်ရက်အလို ဇူလိုင်လ ၁၈ ရက်မှစတင်ကာ ၎င်းမြစ်အနီးတစ်ဝိုက်ကို လုံခြုံရေးနယ်မြေသတ်မှတ်ရန်စီစဉ်ထားသည်။
အားကစားပွဲပရိသတ်များနှင့် အားကစားပြိုင်ပွဲများနှင့်သက်ဆိုင်သည့်တာဝန်ရှိသူများကိုသာ ယင်းနယ်မြေသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်သည်။
အာဏာပိုင်များက အခမ်းအနားကျင်းပသည့်ရက်တွင် ရဲတပ်ဖွဲ့ဝင် ၄၅၀၀၀ နှင့် အခြားလုံခြုံရေးအဖွဲ့များထားရှိရန် စီစဉ်ထားသည်။
ပြင်သစ်နိုင်ငံသည် ၎င်း၏အကြမ်းဖက်သတိပေးချက်အဆင့်ကို နိုင်ငံတစ်ဝန်းတွင်မတ်လက အမြင့်ဆုံးမြှင့်တင်ခဲ့သည်။ ရဲတပ်ဖွဲ့က ပြင်သစ်နိုင်ငံအလယ်ပိုင်း အိုလံပစ်ပွဲကျင်းပရာနေရာ၌ တိုက်ခိုက်ရန်ကြံစည်သည်ဟု သံသယရှိသူ ရုရှားနိုင်ငံတောင်ပိုင်း Chechnya ဒေသမှ အမျိုးသားတစ်ဦးကို မေလက ဖမ်းဆီးခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို