၁၀ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန၏ သံတမန်အဖြစ် ခန့်အပ်ခြင်းကို မကြာမီက လက်ခံရရှိခဲ့သူ ဆရာဝန် သရုပ်ဆောင်မလေး ပိုင်ဖြိုးသု အနေဖြင့် ပရိသတ်တွေ ထိခိုက်နစ်နာစေမည့် ကြော်ငြာများကို ရှောင်ရှားသွားမည်ဟု သိရသည်။
"သုအနေနဲ့ အခုလို ကျန်းမာရေးဌာနရဲ့ ကျန်းမာရေး သံတမန် ခန့်အပ်ခြင်းခံရတာ အရမ်းဂုဏ်ယူပါတယ်၊ ပျော်ပါတယ်။ သုက သရုပ်ဆောင် အလုပ်လုပ်ပြီးတဲ့နောက်မှာ ဆေးကုတဲ့အလုပ်ကို မလုပ်ခဲ့ရပေမယ့် အခုလိုကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်တွဲပူးပေါင်းပြီးတော့ ပြည်သူတွေကို ကျန်းမာရေး ဗဟုသုတနဲ့ ပတ်သက်တာလေးတွေ အသိပညာတွေ မျှဝေသွားမယ်။ အနုပညာသမားတွေကြတော့ ပြည်သူတွေက ပိုပြီးတော့နီးစပ်တယ် ပိုပြီးတော့လည်း ရင်းရင်းနှီးနှီးလည်း ဖြစ်တယ်။ အနုပညာသမားတွေဆိုရင် ပရိတ်သတ်တွေက မိသားစုဝင်တွေလို သတ်မှတ်ပေးကြတယ်။ ချစ်ခင်ပေးကြပါတယ်။ ကိုယ့်ဆွေမျိုး ကိုယ့်မိသားစုလို သတ်မှတ်ထားသူကပြောရင် ပိုပြီးချော့ပြောလို့ရတယ် နားဝင်လွယ်တယ်လေ။ အဲ့ဒါကြောင့် အနုပညာရှင်တွေကို အခုလို ဖွံ့ဖြိုးတိုးတတ်မှုနဲ့ဆိုင်တဲ့ နေရာတွေမှာ သံတမန် ခန့်အပ်တယ်လို့ ထင်ပါတယ်။ TV program လေးတွေမှာ Talk Show တွေမှာ ပါဝင်မယ်၊ ကျောင်းတွေမှာ သွားပြီး ပြောပြမယ်။ ပညာပေးမှန်းမသိ ပညာပေးခြင်းအားဖြင့် ဒီအလုပ်ကို ဆောင်ရွက်မယ်လို့ သုစဉ်းစားထားပါတယ်။ အခုလိုခန့်အပ်ခံရတာ ဂုဏ်ယူပါတယ်၊ သုကဆရာဝန်ဘွဲ့ကို ယူလိုက်ပေမဲ့ ဆရာဝန်အဖြစ် အသက်မမွေးဖြစ်ဘူး။ သုကို ၇ နှစ်တာလုံး စာသင်ပေးခဲ့တဲ့ ဆရာ/ဆရာမတွေရဲ့ ကျေးဇူးကိုရော၊ ပြီးတော့ ကိုယ့်ကိုအချိန်ပေးအားပေးနေတဲ့ ပရိတ်သတ်ကိုရော ကျန်းမာရေး သံတမန်အဖြစ် ဆောင်ရွက်ခြင်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခံယူထားပါတယ်။ လက်တွေ့ကွင်းဆင်း စစ်ဆေးတာတွေ ပြုလုပ်သွားမယ်။ ရာသီအလိုက် ဖြစ်တတ်တဲ့ ရောဂါတွေ ပြောပြဖို့ရှိတယ်။ သွေးလွန်တုတ်ကွေးလိုမျိုးပေါ့။ နောက်တစ်ခုက သုကိုကျန်းမာရေး သံတမန် ခန့်အပ်ခြင်း မရှိခင်ထဲက သုကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းပေါ့ ကိုယ်ကိုတိုင်က ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်ရွက်ဖြစ်ပေမဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် အရက်၊ ဆေးလိပ်၊ ပြည်သူကို ပရိတ်သတ်ကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ လွဲမှားတဲ့ တချို့အယူအဆတွေနဲ့ ဆေးလိပ်တွေ၊ အရက်တွေဆိုတာ ကျန်းမာရေးကို အရမ်းကိုဆိုးရွားစွာထိခိုက်စေတဲ့ အရာလေ အဲ့လိုသုံးစွဲခြင်းကို Promote လုပ်တဲ့ ဘယ်ကြော်ငြာကိုမှ မရိုက်ဘူးလို့ ဆုံးဖြတ်ထားတဲ့အတွက် ကျန်းမာရေးဦးစီးဌာနကနေပြီး အရက်၊ ဆေးလိပ်ကြော်ငြာ မရိုက်ရဘူးပြောတဲ့ အချိန်မှာ ဒါသုအတွက် ထူးထူးဆန်းဆန်း စည်းကမ်းအသစ် ဖြစ်မနေပါဘူး။ ကိုယ့်ကိုယ်ကိုပြန်ပေးထားတဲ့ စည်းကမ်းဖြစ်လို့ သုအတွက်တော့ အခက်အခဲ မဖြစ်ပါဘူး။ သံတမန်ခန့်အပ်ခြင်း ခံရတာလည်း သုအတွက်အိမ်မက်ပါပဲ” ဟု ဆိုသည်။
ကိုလင်း