ပရိသတ်ကြားထဲ အကန်ခံရမှုကို မင်းသားကြီးအာနိုးက တရားစွဲလိမ့်မည်မဟုတ်

ဟောလိဝုဒ်မင်းသားကြီး အာနိုးရှဝါဇန်နေဂါကတော့ တောင်အာဖရိကမှာ ပြုလုပ်တဲ့ အားကစားပြိုင်ပွဲတစ်ခုမှာ သူ့ကိုတိုက်ခိုက်ခဲ့သူကို တရားစွဲဆိုသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အသက် ၇၁ နှစ်အရွယ် မင်းသားကြီးအာနိုးဟာ တောင်အာဖရိကမှာ ပြုလုပ်တဲ့ Arnold Classic Africa အခမ်းအနားတစ်ခုမှာ ပရိသတ်တွေနဲ့စကားပြောနေစဉ် နောက်မှ အမျိုးသားတစ်ယောက်က အာနိုးကို ကန်ခဲ့တာဖြစ်ပါတယ်။ အာနိ်ုးကိုကန်ခဲ့တဲ့ သူကိုတော့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒါပေမယ့် အာနိုးကတော့အဲဒီလူကို တရားစွဲဆိုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါ တယ်။ အာနိုးကို ကန်လိုက်တဲ့ဗီဒီယိုကတော့ လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါ တယ်။ အာနိုးလည်း ကန်ချက်ကြောင့် လဲကျသွားပါတယ်။ ကန်လိုက်တဲ့လူကိုတော့ လုံခြုံရေးအရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။

အာနိုးကတော့ သူ့ကိုပရိသတ်ကြားထဲ အကန်ခံလိုက်ရတဲ့ကိစ္စကို အာရုံမစိုက်ဘဲ အားကစားပွဲကိုသာ အာရုံစိုက်ကြဖို့ ပြောခဲ့ပါတယ်။ ဒီအားကစားပြိုင်ပွဲမှာဆိုရင် အရွယ်စုံအားကစားသမား ၂၄၀ဝဝ ခန့် ပါဝင်ယှဉ်ပြိုင်ကြတာပဲဖြစ်ပါတယ်။

Arnold Classic Africa အားကစားပြိုင်ပွဲကို နှစ်စဉ်မေလရောက်တိုင်း ကျင်းပလေ့ရှိပြီး ကာယဗလပြိုင်ပွဲ၊ တိုက်ခိုက်ရေးအားကစားပြိုင်ပွဲတို့အပါအဝင် အခြားသော အားကစားပွဲတွေ ပါဝင်ပါတယ်။

ဘီဘီစီ