ဧပြီ ၂၆

သရုပ်ဆောင် စိုးနန္နာကျော်က အဆိုတော် ယုန်လေး၊ မြင့်မြတ်၊ နိုင်းဝမ်း နှင့် အတူ "အန္တရာယ် ပြေးလမ်း" ဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေကြောင်းသိရသည်။

"လတ်တလော အနေနဲ့တော့ ဒီဇာတ်ကားကြီး ရိုက်နေတာပေါ့၊ ပြီးတော့ ညီမနှစ်ယောက် ပေါင်းပြီး တေးစီးရီး တစ်ခွေ လုပ်နေပါတယ်၊ အန္တရာယ်ပြေးလမ်းဇာတ်ကားထဲမှာ ဇာတ်ကောင်စရိုက်အတွက် သိပ်ကြီး ထူးထူးခြားခြား ပြင်ဆင်ရတာမျိုးတော့ မရှိပါဘူး။ လူငယ်ဆန်ဆန် အက်ရှင်ဇာတ်ကားတစ်ပါပဲ၊ ဒါပေမဲ့ အက်ရှင်ဆိုပြီး ပေါ့ပေါ့လေးတော့ မဟုတ်ပါဘူး။ သိပ်ကိုခက်ခဲတဲ့ ဇာတ်ဝင်ခန်းတွေပါပါတယ်၊ ဇာတ်ကားရိုက်ထားတဲ့ အတွေ့အကြုံကလည်း ရှေ့မှာရှိခဲ့တာဆိုတော့  နည်းနည်းတော့ ကွာခြားတာလေးတွေတော့ ရှိပါတယ်၊ ဇာတ်လမ်းတွဲကတော့ လနဲ့ ချီပြီးရိုက်ရတာလေ အဲဒီတော့ ကိုယ့်ရဲ့ ဇာတ်ရုပ်ကို မပျောက်အောင် ထိန်းရတယ်၊ ရိုးရိုးဗီဒီယို ဇာတ်ကားကျတော့ တစ်ပတ်၊ နှစ်ပတ်လောက်ပဲ ရိုက်ရတာလေ။ ကိုယ်လုပ်တဲ့ အလုပ်ထဲမှာ အာရုံပိုစိုက်လိုက်ရုံပါပဲ။ ဇာတ်လမ်းတွဲကျတော့ လူကလည်းများတော့ ကိုယ့်ကြောင့် တစ်ဖက်လူတွေ အနှောက်အယှက်မဖြစ်ဖို့ သိပ်အရေးကြီးတယ်လေ ပိုပြီးအာရုံထားရပါတယ် " ဟု ဇာတ်လမ်းတွဲနှင့် ဗီဒီယိုရိုက်ကူးမှု ကွာခြားပုံကို ပြောသည်။

"ပြေးလမ်း" ဇာတ်ကားတွင် သရုပ်ဆောင်သစ် ပန်းနုပြုံး၊ ခိုင်မြတ်သဇင်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားပြီး၊ သရုပ်ဆောင်မှုပိုင်းတွင် ကြုံတွေ့ရသည့် အခက်အခဲများ နှင့်ပတ်သက်၍ "သည်း ထိတ်ရင်ဖို ဖြစ်ရမှာ သေချာပါတယ်၊  ဒီကားထဲမှာသုံးထားတဲ့ အသုံးအနှုန်း စက်ပစ္စည်းပိုင်းဆိုင်ရာ၊ လူအင်အားနဲ့ ရိုက်ထားတဲ့ ရိုက်ချက်တွေကအစ အားလုံး ရိုက်နေတုန်းမှာကို ဟာကနဲ ဟင်ကနဲကို ဖြစ်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးပါပါတယ်၊ နောက်တစ်ခုက ညီမအနေနဲ့ အခက်အခဲ ဖြစ်တယ်ဆိုတာထက် ညီမ နဲ့အတူ သရုပ်ဆောင်ကြတဲ့ သူတွေ အခက်အခဲဖြစ်မှာကိုပဲ ညီမ စိုးရိမ်ခဲ့တာ အမှန်ပါပဲ၊ ဒီဇာတ်ကားမှာက  သုံးထားတဲ့ အရာတွေအားလုံးက တစ်ခါတည်းနဲ့ ပြီးအောင် ရိုက်ရမယ့် အရာတွေပါ ထပ်ခါထပ်ခါ ရိုက်ရတဲ့ ပြကွက်တွေတော့မဟုတ်ဘူး၊ အဲ့အတွက် အရမ်းကိုသတိထားရတဲ့ ကားတစ်ကားပါ ၊ ညီမဆို အမြင့်တွေပေါ်ကနေ ခုန်ချရတဲ့အခန်းတွေ၊ ကုန်းပေါ်ကနေ လိမ့်ဆင်းရတာတွေ သံဆူးကြိုးတွေနဲ့ လက်ကို ခြစ်မိတာမျိုးတွေ ဒဏ်ရာတွေလည်း အများကြီးရခဲ့ပါတယ် အားလုံး ခက်ခက်ခဲခဲနဲ့ ပင်ပင်ပန်းပန်း ကြိုးစားရိုက်ခဲ့ရတယ်" ဟု ပြောသည်။

အဆိုပါ ဇာတ်ကားကို  ထပ်မံရိုက်ကူးရန်အတွက် ယခုလ (၂၉) ရက်တွင် ရိုက်ကွင်းရှိကြောင်း၊ ရန်ကုန်မြို့တွင် ရိုက်ကူးရန်ရှိပြီး၊ ဇာတ်ဝင်ခန်း အချို့ကို တရုတ်ပြည်တွင် သွားရောက်ရိုက်ကူးခဲ့ကြောင်း၊ ဇာတ်ကားအမည်ကို “စပါယ်ရှယ် နိုင်း " ဟုလည်း ပေးထားကြောင်း အမည်နာမအနေဖြင့် နှစ်ခုထဲက မည်သည့် အမည်ကို သုံးစွဲမည်ဟု မသိရသေးကြောင်း၊ လတ်တလောတွင် " အန္တရာယ်ပြေးလမ်း" ဟု သုံးစွဲထားကြောင်း သိရသည်။

ကိုလင်း