သဘောရှိ

ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ကျွန်တော် ဘာမှမပြောလိုဘူး။ သူမှန်တယ်ထင်တာ သူလုပ်။ ရတယ်။ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို သူပဲစံစား ခံစားရမှာပဲ။  ဒါပေမဲ့  အချို့ရွေးချယ်မှု၊  ဆုံးဖြတ်မှုတွေက သူလုပ်ပုံကိုင်ပုံတစ်ခုတည်းနဲ့ မပြီးဘူးခင်ဗျ။

နောက်ဆက်တွဲ ဒိုမီနိုသီအိုရီသဘောက ဆက်ကာဆက်ကာ ရိုက်ခတ်ပြိုလဲစေတာမျိုးတွေ အများကြီးဖြစ်ပေါ်တဲ့ သဘောလက္ခဏာရှိတယ်လေ။ ပေါက်ပင်ဘာလို့ကိုင်းရတယ်ဆိုတာ အကြောင်းရင်းတစ်ခုတည်းမကဘူး။ အကြောင်းပေါင်းစုံပါဝင်နေကြပါတယ်။ ဒီသဘောကို ကလေးဘဝက    သင်ယူခဲ့ရတယ်။ မိုးဘာလို့ရွာရတယ်၊ ဖားအော်လို့ရွာရတယ်ဆိုတာကတော့ တစ်စုံတစ်ခု အကြောင်းအကျိုးသဘောမျိုးတွေ ရှိတတ်ကြတယ်လို့ပဲ X လို့ ဖော်ပြတာပါ။ ဂဏန်းပုံသေ ၁၊၂၊၃၊၄ မဟုတ်လို့   သိပ္ပံနည်းမကျဘူး၊  ကလေးတွေကို အတွေးအခေါ်လွဲအောင် ဆွဲဆောင်ရာရောက်တယ် ဘာဘာညာညာမချော်မိပါစေနဲ့။  ဖားအော်တာလည်း မြွေကိုက်လို့ချည်း မဟုတ်ပါဘူး။

အကြောင်းတစ်ခုခုပြုရင် အကျိုးဆက်တွေက တစ်နွယ်ငင်တစ်စင်ပါ၊  ဆက်ပြီးတွဲကာပြွတ်ကာ အစုလိုက် အပြုံလိုက်ပါတတ်တယ်ဆိုတာကို  နိုင်ငံရေးသမားက  မြော်မြော်မြင်မြင်သိဖို့ကောင်းတယ်။ နားလည်ရမယ်။

လက်နက်ကိုင်ပဋိပက္ခ

ဘယ်ဗျာ နိုင်ငံရေးအားပြိုင်တာမနိုင်ရင် လက်နက်ကိုင်တော်လှန်ရေး  ဆက်ပြီးတိုက်မယ်ဆိုတာ အတွေးအခေါ်မှာ အင်မတန်နိမ့်လွန်းပါတယ်။ နိုင်ငံရေးပညာ သုညပါပဲ။

လီနင်၊မော်စီတုံး၊ဟိုချီမင်း၊ကက်စ်ထရို၊ အားကျစရာကောင်းတဲ့ မာ့စ်ဝါဒီ သူရဲကောင်းနိုင်ငံ့ ခေါင်းဆောင်တွေ  တော်လှန်ရေးအောင်မြင်ခဲ့ကြတယ်ပေါ့။   သူတို့ကိုကြည့်ပါ။   ကြံရည်ဖန်ရည်၊ ဉာဏ်ရည်၊ နိုင်ငံ၊ ပြည်သူအတွက် ယုံကြည်ချက် ဒါတွေအတုယူရဲ့လား။ ဒါကို ပုံသေကူးချတဲ့ သခင်စိုး လည်း မှားမှန်းသိလို့ ငြိမ်းချမ်းရေးယူခဲ့ရတာပဲ။ ဒါကြောင့် အသက်ရှည်ရှည်နေရပြီး ရာဇဝင်မရိုင်းတာ။ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်တို့လည်း တောထဲတောင်ထဲ     သွေးပင်လယ်ဝေခဲ့ကြတာ နှစ်ပေါင်း ၂၀ ကျော် တော်လှန်ရေးလုပ်ခဲ့တာရဲ့ ရလဒ်အဖြေပါပဲ။ သခင်ဗသိန်းတင်၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၊  လက်နက်ကိုင်တိုက်ပွဲဟာ ကလေးကစားစရာလို လွယ်လွယ်တော့ မရွေးချယ်သင့်ဘူးနော်။

ရှေ့မှာ သင်ခန်းစာတွေ အများကြီး။

စစ်ရေးနည်းလမ်းက သူအရွေးမှားရင်သေပေါ့။ သေပစေ။ သူသေတာနဲ့ မပြီးဘူးဗျ။ သူ့နောက်ကို အဟုတ်မှတ်ပြီး ရောယောင်လိုက်ပါတဲ့ ယောင်နနတွေက ကိုယ့်ကျင်းကိုယ်တူးပြီး ဆင်းသွားကြရတာ။ လူ့ဘဝကို တန်ဖိုးနားမလည်သူတွေဟာ ငြိမ်းချမ်းရေးကို   မျက်ကွယ်ပြုရင် အသေဆိုးနဲ့ တိုးခဲ့ကြတာပဲ။ 

သမိုင်းဆိုတာ ထပ်ကာထပ်ကာကျော့ပြီး မှားမနေရအောင် သမိုင်းသင်ခန်းစာတွေ လေ့လာ သုံးသပ်တတ်ရမယ်လေ။ နိုင်ငံရေးဆိုတာ စိတ်ကူးယဉ်လို့မရဘူး။

ပကတိအရှိ

အချက်အလက် ပကတိအမှန်တရားအရှိကိုပဲ အခြေခံတွေးခေါ်တွက်ချက်ရတဲ့ ပညာရပ်ပါ။ စိတ်ရူးပေါက်ရာ ထလုပ်ရင် နောက်က တသီတတန်းကြီး ဒုက္ခရောက်တာပေါ့။  ထိုင်းမှာလည်း  ကွန်မြူနစ် သူပုန်ရှိခဲ့ပါတယ်။ မလေးရှားမှာလည်း ကွန်မြူနစ် သူပုန်ရှိခဲ့ဖူးတာပါပဲ။ အမြစ်ပြတ်အောင် စောစောရှင်းပစ်လိုက်လေတော့ ထိုင်းတို့၊ မလေးရှားတို့ဟာနိုင်ငံကို ဘယ်ပါတီတက်တက်၊ ဘယ်သူပဲအုပ်ချုပ် အုပ်ချုပ် ငြိမ်းငြိမ်းချမ်းချမ်းရှိတော့  ယနေ့အခြေအနေမျိုးအထိ တိုးတက်တာပဲ။ 

ငြိမ်းချမ်းရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်မဟုတ်လား။
လက်နက်ကိုင်ပုန်ကန်တော်လှန်ရေး အကြီးအသေး မီးကြွင်းမီးကျန်တွေကြောင့် မီးရှို့၊ လူသတ်၊ မိုင်းခွဲ၊ ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်၊ တစ်ဗိုလ်တစ်မင်းလုပ်ချင်တဲ့ (ရေရှည်မမြော်မြင်တတ်ကြတဲ့) ပုဂ္ဂိုလ်အမျိုးမျိုးကြောင့် ပြည်သူအများဒုက္ခရောက် နေကြရတာပါ။ အမှန်မှာ အကြမ်းဖက်ဆူပူနှောင့်ယှက် မှု ရှိနေသမျှ၊ တရားဥပဒေမစိုးမိုးရင် နိုင်ငံထူထောင်ရေးက လုံးချာလည်လိုက်နေစမြဲပါပဲ။

ငြိမ်းချမ်းရေးမရှိဘဲ ဘယ်နိုင်ငံမှ မတိုးတက်ပါ။ 

တိုးတက်တဲ့နိုင်ငံတွေဟာ ကွန်မြူနစ်ဝါဒ ဖြစ်ဖြစ်၊ အရင်းရှင်ဖြစ်ဖြစ်၊ တရားဥပဒေစိုးမိုးလို့သာ၊  ငြိမ်းချမ်းလုံခြုံလို့သာ သူတို့နိုင်ငံတွေ တရွေ့ရွေ့နဲ့ တိုးတက်စည်ပင်သွားနိုင်ကြတာပဲလေ။

စတိုင်ကျ 

ဒီသဘောအခြေခံတောင်  သဘောမပေါက် (သို့မဟုတ်) တိုင်းပြည်တိုးတက်ဖို့၊ မတိုးတက်ဖို့က တို့ကိစ္စ၊  တို့အရေး၊  တို့အလုပ်မဟုတ်။  ငါတို့က ဒေါ်လာကောင်းကောင်းပေးပြီးခိုင်းရင် ဘာမဆိုလုပ်မှာပဲဆိုတဲ့ သစ္စာဖောက်လောက်ကောင်မျိုးတွေရယ်၊ ယုံအောင်လိမ်ညာမြှောက်ပေးရင်(ဟဝှာ)တက်အောင် ကမယ်ဆိုတဲ့ ဦးနှောက်နည်းလှတဲ့လူတွေရယ်။ 

နိုင်ငံရေးဆိုတာ  ကိုယ်ကျိုးဘယ်သူမှမကင်းပါဘူး။  ဒါပေမဲ့  နိုင်ငံတော်အတွက်   အသက်ကိုတောင် သစ္စာဆိုအဓိဋ္ဌာန်ပြုပြီး ထမ်းရွက်နေကြသူတွေလည်း ရှိခဲ့ပါတယ်။    ရှိနေကြပါတယ်။ ဒါပေမဲ့ ရှေ့ကလူတွေက  စွန့်ပြီးမစားခဲ့ကြပါဘူး။ ခုခေတ်လူတချို့က     မစွန့်ဘဲနဲ့  စားနေကြတယ် စသဖြင့် သွားပုပ်လေလွင့် ပုတ်ခတ်ထိုးနှက်တာကို အဟုတ်မှတ်ကာ     ဩဘာလက်ခုပ်တီးသူတွေက တီးနေလေရဲ့။ (သူ့လူကိုကာဖို့ သူများကို လက်ညှိုးထိုး)  ဘာကိုယ်ကျိုးမှ  မစွန့်ခဲ့ဖူးဘဲနဲ့  ထိုင်ခုံပေါ် အမိန့်သား  စတိုင်ကျကျ  ခပ်တည်တည်ဝင်ထိုင် ကြတဲ့    အချောင်နှိုက်နိုင်ငံရေးသမားတွေကြောင့် မြန်မာ့နိုင်ငံရေးလောက   ပြည်သူတွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြရပေါင်းများပါပြီ။ ဒီမိုကရေစီ ပါလီမန်ခေတ်ရော၊   တစ်ပါတီစနစ်ရော၊ ပါတီစုံ ဒီမိုကရေစီခေတ်ရော အရည်အသွေးမမီသူတွေ တက်ထိုင်ခဲ့ကြ။

တောခိုသူတွေ

စင်ပြိုင်အစိုးရဆိုပြီး သခင်သန်းထွန်းလည်း ဘဝင်မြင့်ခဲ့ဖူးတာပဲ။  တောထဲတောင်ထဲ  လက်အောက်က လူယုံလုပ်ကြံတာခံရပြီး အလန့်တကြား အသက်ထွက်သွားခဲ့ရတယ်။
ဗိုလ်မှူးကြီးစိန်မြဆိုသူလည်း တောခိုဖူးတာပဲ။ 

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်။ ငယ်ငယ်တုန်းက လူကျော်လူမော်တွေပါ။   တိုင်းပြည်နဲ့  လူမျိုးအတွက်သာဆိုရင် အသက်ကိုပဓာနမထားဘဲ စွန့်စားရဲတဲ့ခေါင်းဆောင်တွေပါ။ အစဉ်အလာကိုယ်ရေးရာဇဝင် ကြည်ညိုလေးစားချစ်ခင်စရာကောင်းကြတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ သို့သော် လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်ခြင်းဆိုတဲ့ မှားယွင်းမှုအိပ်မက်ဆိုးက သူ့အမြင်ကို ဒုက္ခပေး လိုက်တဲ့အခါမှာတော့ သွေးအိုင်ထဲမှာ ကျဆုံးခဲ့ကြ ရရှာပါတယ်။ နှမြောစရာ၊ ဝမ်းနည်းကြေကွဲစရာ သမိုင်းဖြစ်ရပ်မှန်   သင်ခန်းစာတွေပါ။  လိုရင်းပဲ သိသာရုံတင်ပြတာပါ။

အမှားဆိုတာ နောက်လူတွေ ရှောင်ဖို့ပါပဲ။

အမှားရဲ့ ဒဏ်ရာဒဏ်ချက်တွေကတော့ နိုင်ငံကော ပြည်သူတွေပါ ကြီးကြီးမားမား ထိခိုက် နစ်နာခဲ့ရတာမျိုးပါ။

နိုင်ငံရေးပဲဖြစ်ဖြစ်၊ စစ်ရေးပဲဖြစ်ဖြစ် သေချာ ပေါက် လိုက်နာကျင့်သုံးကြရတဲ့ အခြေခံဥပဒေသ နိယာမဆိုတာတွေ ရှိပါတယ်။

ဥပမာ- စစ်ရေးကိစ္စဆိုပါတော့-

“He will win who knows when to fight, and when not to fight.”

“စစ်ပွဲမှာ ဘယ်သူနိုင်မလဲဆိုရင် ဘယ်အချိန်မှာ တိုက်ရမယ်၊ ဘယ်အချိန်မှာ မတိုက်သင့်ဘူးဆိုတာ သိတဲ့သူကနိုင်မှာပဲ”တဲ့။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကျော်ကတည်းက တရုတ်စစ်သူကြီး ဆွန်ဇုက ပြောခဲ့တာ။ အခုအထိ မှန်နေတုန်းပါပဲ။

အနိုင်အရှုံး

“Victorious warriors win first and then go to war, while defeated warriors go to war first and then seek to win.”

“အောင်မြင်တဲ့ စစ်တပ်က အောင်ပွဲရမှာ သေချာမှသာ စစ်တိုက်တယ်။ ရှုံးတဲ့ဘက်ကတော့ စစ်တိုက်တာအရင် (တော်လှန်ရေးနွေဦး)လုပ်ပြီး အောင်မြင်မလား စမ်းတဝါးဝါး ရှာဖွေခဲ့မိတယ်”တဲ့။

ဘယ်အချိန်တိုက်ရင်  အောင်မြင်မှုရမှာလဲ။ ဘယ်အချိန်မျိုးတွေဆိုရင် မတိုက်ရဘူးလဲ (အချက်အလက် အခြေအနေမှန် တိတိကျကျ လက်ဆုပ်လက်ကိုင် ရေရေရာရာဘာမှမရှိ) မသိဘဲ လက်နက်ကိုင်     ပဋိပက္ခလမ်းကြောင်းကို    လိုက်ခဲ့တယ်။ နက်ဖြန်သန်ဘက်ခါပဲ   တစ်နိုင်ငံလုံးကိုသိမ်းပြီး အစိုးရပြန်ဖြစ်တော့မလိုလို လေလှိုင်းသံမှာ ငြာသံပေးတာနဲ့ တကယ်မဖြစ်လာဘူး။

စစ်ဆိုတာ အောင်ပွဲမုချရမှာ သေချာမှတိုက်ရတယ်။ ဒါက စစ်ပညာနားလည်တတ်ကျွမ်းသူတွေ သုံးသပ်ချင့်ချိန် ဆုံးဖြတ်ရတဲ့အလုပ်။

နိုင်နိုင်သလား၊  ရှုံးနိုင်သလား  မသဲကွဲဘဲနဲ့ နောက်ကဖင်တွန်းလွှတ်လို့    ထွက်ထွက်ဆိုတာ ကြောင့်သာ ထွက်ခဲ့ရတဲ့အုပ်စုဟာတိုက်ပွဲဝင် စစ်ပညာမပြည့်စုံပါ။

ဗေဒင်မေးနေစရာမလိုပါ။

မရှုမလှရှုံးမှာလား။ ခွက်ခွက်လန်အောင် ရှုံးမှာလား။  ကံဆိုးခြင်းနဲ့  ကံအဆိုးဆုံးအခြေအနေ ကျရောက်ရခြင်း တစ်ခုခုနဲ့သာ မုချမသွေ ရင်ဆိုင်တိုးရပေမှာပဲ။

သေနင်္ဂဗျူဟာ စစ်ကျမ်းမှာ အခန်း (၁၃)ခန်းရဲ့ ရှေ့ဆုံးအခန်း (၁) ရဲ့ ပထမဦးဆုံးစာပိုဒ်က ဒီလိုဆိုပါတယ်-

‘‘စစ်ဆိုသည်မှာ နိုင်ငံတော်အတွက် သေရေးရှင်ရေးတမျှအရေးကြီးလှသော ကိစ္စတစ်ရပ်ဖြစ်၏။ စစ်သည် ပြည်သူလူထု၏ အသက်ရှင်ရေးနှင့်လည်းကောင်း၊ သေကျေပျက်စီးရေးနှင့်လည်းကောင်း    သက်ဆိုင်လျက်ရှိရုံမျှမက နိုင်ငံတော်တည်တံ့ခိုင်မြဲရေးကို လည်းကောင်း၊ ပျက်သုဉ်းရေးကိုလည်းကောင်း ဖြစ်ပေါ်စေ နိုင်သည်။ ထို့ကြောင့် စစ်၏သဘောကို စေ့စပ်သေချာသိသင့်ပါ၏။’’ 

စီအာရ်ပီအိပ်ချ်၊ အင်န်ယူဂျီ၊ ပီဒီအက်ဖ် စတဲ့  အဝေးက ကြိုးဆွဲရုပ်သေးတွေက ညွှန်ကြားစေခိုင်းနေတာရဲ့ တိတိကျကျ အန္တိမရည်ရွယ်ချက်က ဘာလဲ။ (၂) ချက်ရှိပါတယ်-

(၁) မြန်မာပြည်ကို ဖျက်ဆီးဖို့၊

(၂) ပြည်သူတွေ  ပြာပုံတိုးရတဲ့  ခွေးဘဝလို မွဲပြာကျ ဆင်းရဲဒုက္ခကပ်ဆိုးဆိုက်စေဖို့၊ ဒါပါပဲ။
 
တိုင်းပြည်တိုးတက်စေရန် မရည်ရွယ်ပါ။

တိုင်းပြည်အေးချမ်းအောင် မလိုလားပါ။

ပြည်သူများ ချမ်းသာလုံခြုံရေးအလိုမရှိ။

အမုန်းဆိုက်အောင် ကုန်းတိုက်မယ်။ အချင်းချင်းမစည်းလုံးအောင်သွေးထိုးမယ်။ ပြည်သူချင်း အမုန်းအမျက်အာဃာတပွားအောင် သပ်လျှိုသွင်းမယ်။ ညီညွတ်မှာကို မလိုလား။ တိုးတက်ကြီးပွားမှာ ကို လုံးဝမဖြစ်စေရ။

အရိပ်လည်း    မြင်နေရပြီ။   အကောင်လည်း ထင်ရှားပြီ။

နိုင်ငံရေးမှာ လိမ်ညာခိုးဝှက်မသမာမှုကို ပြုရက်ရုံသာမက  စစ်ရေးမှာပါ  ယုတ်မာရက်စက်၊ ပြည်သူကို လက်နက်ကိုင်အကြမ်းဖက်လာတဲ့ နိုင်ငံ့ရန်စွယ်၊   ပြည်သူ့ရန်သူတွေကို  သံယောဇဉ်ဖြတ်ကြပါစို့။

မိုက်သူကိုရှောင်

ဘယ်သူမပြု မိမိမှုကို အကူအညီအထောက်အပံ့ပေးမိနေရင် သူ့အပူက ကိုယ့်ကိုပါ လောင်မြိုက်စေပါ လိမ့်မယ်။ အသေဝနာစဗာလာနံတဲ့။ မိုက်သူဆိုတာ ဝေးဝေးရှောင်ပါလို့ မြတ်စွာဘုရားရဲ့ မင်္ဂလာတရား တော် (၃၈) ချက်မှာ   အမှတ်စဉ် (၁)   ပထမဆုံး အဓိကအချက်ဖြစ်တာကို သတိရပါ။ လူမိုက်နဲ့မရော လေနဲ့နော်။ ဝေးဝေးရှောင်မှ ဒုက္ခကင်းကြမယ်။

ကိုယ့်လမ်းကိုယ်သွားရမယ်။

သူ့လမ်းသူသွားပစေတော့။      ။

ရွှေချိုးဖြူ