နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

ပထမအကြိမ် အမျိုးသားအဆင့်စီမံကိန်း ဦးဆောင်ကော်မတီ (NPSC) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်း FARM Project ၏ စီမံကိန်း (၆)နှစ်တာကာလ လျာထားဆောင်ရွက်မှုအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းနှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်ခဲ့သည့်အတွက် စီမံကိန်းကာလ တစ်နှစ်ထပ်မံတိုးမြှင့်ခြင်းနှင့်အတူ ကျန်ရှိလျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် နည်းလမ်းများကို မူဘောင်အတွင်း တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် FARM Project ကို စီမံကိန်းကာလ (၆)နှစ်ကာလ၏ နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးရန် လျာထားဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်း နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်သည့်အတွက် စီမံကိန်းကာလ တစ်နှစ်ထပ်မံတိုးမြှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်း၊ ရေသွင်းမြောင်းနှင့်ရေနုတ် မြောင်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ ရေအသုံးချသူ အသင်းအဖွဲ့များ တည်ထောင်ခြင်း၊ တောင်သူ ပညာပေးလုပ်ငန်းများ၊ တောင်သူများ  မြေယာမဲ့များကို စိတ်ဝင်စားမှု တူညီရာအဖွဲ့ (Common Interest Froup - CIG) အဖွဲ့များ လက်ကျန်ရန်ပုံငွေများ သုံးစွဲခြင်းနှင့် Community ဖွံ့ဖြိုးရေးလုပ်ငန်းများအား ထပ်မံတိုးမြှင့်သည့် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုငွေကြေး ရန်ပုံငွေအဖွဲ့ (International Fund for Agriculture Development - IFAD) နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့် တင်ခြင်းစီမံကိန်း (Forestering Agricultural Revitalization in Myanmar - FARM Project) အား ၂၀၁၄ ခုနှစ်မှစတင်၍ ဒီဇင်ဘာ ၂၀၂၀ ပြည့်နှစ်အထိ (၆)နှစ်ကြာ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်။ စီမံကိန်းရလဒ်အဖြစ် စိုက်ပျိုးရေး အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ခြင်း၊ ရေသွင်းမြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရေနုတ်မြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများကဏ္ဍတွင် အသိပညာ ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံရေး၌ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ (Knowledge Centre) များ တည်ဆောက်ခြင်း၊ စံပြကွက်များ ပြုလုပ်ခြင်း၊ သင်တန်းများပို့ချပေးခြင်း၊ တောင်သူကွင်းသင်တန်းကျောင်း (FFS) ဖွင့်လှစ်ခြင်း၊ အပင်ဆေးခန်း (Plant Clinic)များ ဖွင့်လှစ်ခြင်းနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု CIG အဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

 

အစည်းအဝေးသို့ စီမံကိန်းဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စီမံကိန်းဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုငွေကြေး ရန်ပုံငွေအဖွဲ့ (International Fund for Agriculture Development-IFAD) မှ တာဝန်ခံကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်