နေပြည်တော် ၁၃ ဇွန်
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးအဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘင်းမ်စတက် အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော် က အဖွင့် အမှာစကား ပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး က ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များကိုလည်းကောင်း၊ စီမံကိန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဆွေလင်းက အကြိုလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကြိုဆိုရေး၊ လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာများ၊ သံတမန်ရေးရာ လုပ်ငန်းများ၊ ဧည့်ခံရေးဆိုင်ရာများ၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများက လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးကြသည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation – BIMSTEC) ဘင်းမ်စတက်၌ လယ်ယာကဏ္ဍတွင် ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် ပထမအကြိမ် စိုက်ပျိုးရေးအဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ရှိ Hilton Nay Pyi Taw Hotel ၌ ဇူလိုင် ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်