စစ်တွေ နိုဝင်ဘာ ၁၈
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ် ဒေသဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ စာတမ်းဖတ်ကြားကြမည့် ပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စစ်တွေတက္ကသိုလ် ဂုဏ်ရည်ကိုသီကုံးဖွဲ့ဆိုထားသော ဘဝမီးအိမ်ထွန်းညှိရာ မြေ တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယခုနှစ်တွင် ထူးထူးခြားခြား အစီအစဉ်တစ်ရပ်အဖြစ် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲ (1st Regional Confrence on Sustainable Development Rakhine State) RCSD ကိုပထမဆုံးအကြိမ် နှစ်ရက်တိုင်တိုင် ပြုလုပ်မည်ဟု သိရသည့်အတွက် ပွဲဖြစ် မြောက်အောင် ကူညီပံ့ပိုးပေးသော ရခိုင်သဟာယအသင်းနှင့် လက်ခံကျင်းပသော စစ်တွေတက္ကသိုလ် အပါအဝင် ပံ့ပိုးဆောင်ရွက် သူအားလုံးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သား များကိုယ်စား အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲ ပြုလုပ်ခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသော ဆန်းသစ်ကောင်းမွန် သည့် အသိပညာများရရှိပြီး ပြည်နယ်၏အရေးပါသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြား စီးပွားရေးလုပ်ငန်းများ တိုးတက်လာရန် ရည်ရွယ်မျှော်မှန်းထားပါကြောင်းနှင့် တက္ကသိုလ်၊ ကောလိပ် များက ဆရာ၊ ဆရာမများ အနေဖြင့်လည်း အရည်ချင်းထက်မြက်လာပြီး ပိုမို ကောင်းမွန်အသုံးဝင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်က သုတေသနစာတမ်းဖတ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရခိုင်သဟာယအသင်းမှ ဒေါက်တာ ဇေယျဦးက သုတေသန စာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရခိုင်ပြည်နယ်အတွင်း၌ရှိသည့် တက္ကသိုလ်၊ ကောလိပ်များက ဆရာ၊ ဆရာမများအနေဖြင့် တက္ကသိုလ် အချင်းချင်း ချိတ်ဆက်ပြီး မိမိနှင့်သက်ဆိုင်သည့် ပညာရပ်နယ်ပယ်တွင် ပိုမိုဆန်းသစ် ကောင်းမွန်သော နည်းပညာများ ရရှိလာနိုင်စေရန်၊ ဆရာ၊ ဆရာမများ၏ သုတေသန အရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်လာစေနိုင်ရန်နှင့် သုတေသနလုပ်ငန်းများမှရရှိလာသည့် သုတေသနရလာဒ်များကို ရခိုင်ပြည်နယ်အတွင်းမှာရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီးအသေးစားစက်မှု၊ လက်မှုလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများမှာ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် Key note Speaker (၆)ဦးက စာတမ်း(၇)စောင်၊ စစ်တွေတက္ကသိုလ်က စာတမ်း(၁၂) စောင်နှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)က စာတမ်း(၅)စောင်တို့ကို ဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)