ရန်ကုန် ၁၉ ဒီဇင်ဘာ
ပထမအကြိမ် ဇွဲကပင်တောင် အတက်/အဆင်း ပြိုင်ပွဲကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနကကြီးမှူး၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန် ရည်ရွယ်၍ သဘာဝတောတောင်ရေမြေ ထိန်းသိမ်းရေး အသိပညာမြှင့်တင်ရန်၊ အားကစား လိုက်စားခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင် သန်စွမ်းပြီး မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီတွင် ကျင်းပမည်ဟု သိရသည်။
ပြိုင်ပွဲတွင် ဇွဲကပင်တောင် အရှေ့ခြမ်းတောင်ခြေရှိ သစ်ချရွာမှစတင်၍ တောင်ထိပ်ပေါ်သို့ တက်ရောက်ကာ တောင်ထိပ်မှ ဇွဲကပင်အနောက်ဘက် တောင်ခြေရှိ တောပုံရွာအထိ ဆင်းရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် အသက်(၄၀) အထက်/ အောက် အမျိုးသားပြိုင်ပွဲ၊ (၄၀)နှစ် အထက်/ အောက် အမျိုးသမီးပြိုင်ပွဲ လေးမျိုးတွင် ပြိုင်ပွဲ အမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ ပထမဆုမှ ဒသမဆုအထိ ချီးမြှင့်မည်ဟု ကျင်းပရေးကော်မတီမှသိရသည်။
“ပြိုင်ပွဲဆုကြေးများအနေဖြင့် ပထမဆု ၁၅၀ဝဝဝ ဒုတိယဆု ၁၂၅၀ဝဝ တတိယဆု ၁၀ဝဝဝဝ နဲ့ ကျန်ဆုတွေက ၉၀ဝဝဝ၊ ၈၀ဝဝဝ ၊ ၇၀ဝဝဝ ကနေ၊ ဒသမဆု သုံးသောင်းကျပ်အထိ ပေးပါမယ်၊ ပြိုင်ပွဲဝင် တွေကို ကျောနံပါတဲ့အင်္ကျီတွေ ပေးမယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ အတည်ပြုထားပါတယ်။ ဝင်ကြေးအခမဲ့ပါ။ နေစရာတည်းစရာက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပါ။ ပြိုင်ပွဲလုပ် ပေးခြင်းမှ သဘာဝတောတောင်ရေမြေထိန်းသိမ်းရေး သိရှိနိုင်ဖို့၊ အားကစား လိုက်စား ခြင်းကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းပြီး မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်စေဖို့ပါ။ ဒီဇင်ဘာ ၂၅ ရက်က ခရစ်စမတ်နေ့၊ နောက်နေ့ ၂၆ရက်က ကရင်နှစ်သစ်ကူးနေ့ပါ။ ကရင်နှစ်သစ်ကူးနေ့မှာ ဂျက်ခုတ် ပြိုင်ပွဲ၊ ကရင်တာလပေါ ဟင်းချက်ပြိုင်ပွဲတွေပါ ကျင်းပဖို့စီစဉ်ထားပါတယ်။ လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေလည်း ရှိပါသေးတယ်” ဟု ဒုညွှန်ကြားရေးမှူး စတင်အောင်မြင့် က ပြောကြားသည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဖုန်း ဝ၅၈-၂၁၀၈၂၊ ခရိုင် အား/ကာ ဖုန်း ဝ၅၈-၂၂၆၃၈၊ ဝ၉၄၂၅၀၃၂၉၂၄၊ ဝ၉၆၉၉၅၄၄၄၉၉၊ ဝ၉၂၅၅၇၀၈၄၀၁၊ သို့ ဒီဇင်ဘာ ၂၇ ရက် ညနေ ၄ နာရီအတွင်း ပြည်တွင်း/ပြည်ပမှ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ စာရင်း ပေးနိုင်ကြောင်း သိရသည်။
သန့်ဇင်ဝင်း