ကလိန်အောင် ၁၅ သြဂုတ်
တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စု ရေပုံးကျေးရွာတွင် ပထမအကြိမ် ကျေးရွာသူ ကျေးရွာသားများက ရိုးရာအစဉ်အလာအရ ကျင်းပလျက်ရှိသည့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ပွဲ(လက်ချည်) မင်္ဂလာအခမ်းအနားကို ယခုလ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစ၍ ရေပုံးကျေးရွာရှိ အသင်းတော်ခန်းမဆောင်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ပွဲ(လက်ချည်)မင်္ဂလာကို နှစ်စဉ် ဝါခေါင်လ (လါခေါင်) ရောက်တိုင်း မိသားစုများ၊ တစ်နယ်တစ်ကျေးတည်းသားများ ပြန်လည်စုစည်းကာ စိတ်ဝမ်းမကွဲဘဲ အချင်းချင်း ချစ်ကြည်ရင်နှီး သွေးစည်းခိုင်မြဲစွာဖြင့် ကိုယ့်လူမျိုးကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ရန်၊ စိတ်ဓာတ်ဖြူစင်စွာ ထားရှိကာ ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို ကျင့်ကြံ၍ မိမိတို့၏ အမျိုးသားယဉ်ကျေးမှု၊ ဓလေ့အမွေအနှစ်များကို ထိန်းသိမ်းပြန့်ပွားစေရန် လူကြီးသူမများမှ လူငယ်လူရွယ် သားသမီးမြေးမြစ်များအား တစ်စုတစ်စည်းတည်း လမ်းညွှန်ဆုံးမ သြဝါဒပေးကာ မေတ္တာပို့သ ဆုတောင်းပတ္ထနာ ပြုပေးနိုင်ကြစေရန်များအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပွဲတော်ကို ကရင်တိုင်းရင်းသားများက ဝါခေါင်လရောက်တိုင်း နေရာအနှံ့အပြား၌ ရိုးရာမပျက် ကျင်းပလေ့ရှိကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)