မန္တလေး ၁၅ ဇန်နဝါရီ
ပထမအကြိမ် Mandalay Yatanar Mall အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ(၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နိုင်ငံတိုင်းတွင် ကျောက်မျက်ရတနာပြပွဲများပြသ၍ ၎င်းတို့နိုင်ငံများ၏ ချမ်းသာကြွယ်ဝသည့် အဆင့်အတန်းကို ဖိတ်ခေါ်ပြသကြပါကြောင်း၊ မြန်မာနိုင်ငံ၌ ရတနာမျိုးစုံထွက်ရှိပြီး မိုးကုတ်ဒေသတွင် အရည်အသွေးပြည့်မီသည့် ကျောက်များအပါအဝင် ကျောက်အမျိုးအစားပေါင်း ၈၀ ခန့်ထွက်ရှိပါကြောင်း၊ ယခုပြပွဲတွင် အရည်အသွေးရှိသည့် ကျောက်မျက်ရတနာများအပြင် အရည်အသွေးနိမ့်သည့် ကျောက်များလည်း ပါဝင်ပြသပေးခြင်းဖြင့် လူတန်းစားအလွှာအသီးသီး လာရောက်လေ့လာဝယ်ယူနိုင်မည်ဖြစ်၍ အဆိုပါပြပွဲများ ဆက်လက်ပြသနိုင်ရန် ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် ယခုပထမဆုံးအကြိမ်အဖြစ် ကျင်းပပြီး နှစ်စဉ်ကျင်းပနိုင်မည့် လုပ်ငန်းအစီအစဉ်များ ထည့်သွင်းနိုင်ရန် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ထပ်မံကျင်းပမည့်ပြပွဲများတွင် ဖိတ်ကြားရန်မလိုဘဲ နိုင်ငံတကာမှ သိရှိလာရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ပြပွဲသို့လာရောက်ကြသည့် နိုင်ငံတကာဧည့်သည်များကို ခရီးသွားကဏ္ဍနှင့် ဆက်စပ်ပေးခြင်းဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးရာရောက်ပါကြောင်း၊ ထို့ကြောင့် ပထမအကြိမ်မှသည် ရေရှည်တည်တံ့သောပြပွဲအဖြစ် ဆက်လက်ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေက မြန်မာနိုင်ငံသည် ကမ္ဘာ့ကျောက်မျက်ရတနာဈေးကွက်၌ လူကြိုက်များလှသည့် ကမ္ဘာ့အဆင့်တန်းမီ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲများကိုစီးပွားဖြစ် တူးဖော်ထုတ်လုပ်ရောင်းချနိုင်သည့် သယံဇာတပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာတများကို သားစဉ်မြေးဆက်တိုင် ရေရှည်တည်တံ့ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နေသည့်အပြင် ကျောက်မျက်များကို သဘာဝအရိုင်းအတိုင်း ရောင်းချမှုကိုလျော့ချပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုလုပ်ရောင်းချနိုင်ရေးအတွက် ဦးစွားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် မန္တလေးရတနာမောလ် ကျောက်မျက်ရတနာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

ထို့နောက် ပြပွဲဆိုင်းဘုတ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် တာဝန်ရှိသူများက စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မြန်မာ့တွင်းထွက် ရတနာများအား မိမိတို့တိုင်းပြည်မှ ထွက်ရှိသည်ကို ကမ္ဘာ့ကျောက်မျက်ရတနာ ကုန်သည်များသိရှိပြီး နှစ်အတန်ကြာ လက်လွတ်ဆုံးရှုံးခဲ့ရသော နိုင်ငံတကာ ကျောက်မျက်ဈေးကွက်ကို အိုးမကွာ၊ အိမ်မကွာမိမိတို့ နိုင်ငံအတွင်း ပြည်လည်ရယူ တည်ဆောက်နိုင်ရန်၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ အချောထည်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအဆင့်မြင့်တင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ပြခန်းပေါင်း ၄၀ဝ ခန့် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၄၀ မှ ရတနာကုန်သည် တစ်သောင်းခန့်ကို ဖိတ်ကြားထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ-အောင်ဖြိုးကျော်