ရန်ကုန်၊ ၂၆ မေ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၇၃)ရပ်ကွက် မြနန္ဒာလမ်းပေါ်တွင် နိုင်ငံ့ဝန်ထမ်းများအတွက် ပထမဆုံးရည်ရွယ်ကာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ တာ၀န်ယူတည်ဆောက်သော မြနန္ဒာ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ (၄၇၆)ခန်းသည် ယခုအခါတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ယခု မေလအတွင်းမှ စတင်ကာလျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာ၀န်ထမ်းဆောင်ဆဲ ၀န်ထမ်းများကို ဦးစားပေး အငှါးချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန မြနန္ဒာ၀န်ထမ်းအငှါးအိမ်ရာ စီမံခန့်ခွဲရေးကော်မတီမှသိရသည်။
“အဓိကကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်ရှိတာ၀န်ထမ်းဆောင်ဆဲ ၀န်ထမ်းတွေကို ဦးစားပေးငှါးပေးရန်ဖြစ်ပါတယ်။ အိမ်ရာကော်မတီ ဖွဲ့ထားပါတယ်။ ဒီကော်မတီကနေပဲ သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုလည်း စာတွေထုတ်ပေးထားပါတယ်။ တချို့ဌာနတွေဆိုရင် ၀န်ထမ်းတွေကို အိမ်ရာမပေးနိုင်ပါဘူး။ ပြင်ပမှာ ငှါးရမ်းနေပြီး အလုပ်ဆင်းနေရတဲ့ ၀န်ထမ်းတွေပါ၊ ဒီလူတွေကို ဦးစားပေးပါမယ်။ တချို့ကျတော့လည်း ပြင်ပမှာအိမ်ရှိတယ်။ ဒါပေမဲ့ ၀န်ထမ်းအိမ်ရာတော့မရဘူး။ ဒီလူတွေတော့ ဦးစားပေးထဲမပါဘူးပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ အိမ်ရှိတယ်။ ဥပမာ ရန်ကုန်မြို့နဲ့ အရမ်းအလှမ်းဝေးတဲ့ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ခရမ်းသုံးခွ၊ တွံတေး၊ ထန်းတပင်၊ တိုက်ကြီး၊ ရွှေပြည်သာ၊ လှည်းကူး၊ လှိုင်သာယာ၊ မှော်ဘီ စတဲ့နေရာတွေမှာ အိမ်ရှိပြီး အခုအလုပ်ဆင်းနေတဲ့ ရန်ကုန်မြို့ထဲမှာနဲ့ အရမ်းဝေးနေရင်တော့ သီးခြားစဉ်းစားပေးပါမယ်။ ရန်ကုန်တိုင်းမှာ တာ၀န်ထမ်းဆောင်ရင်း အခြားနယ်တွေကို ပြောင်းသွားရင်တော့ အခန်းကနေဖယ်ပေးရပါမယ်။ ဌာနကနေ စည်းကမ်းမလိုက်နာလို့ အိမ်ခန်းကနေ ဖယ်ရှားခြင်းခံထားသော ၀န်ထမ်းများကို အိမ်ခန်းမပေးပါဘူး” ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန မြနန္ဒာ ၀န်ထမ်အငှါးအိမ်ရာ စီမံခန့်ခွဲရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နိုင်ငံ့၀န်ထမ်းအငှားအိမ်ရာတွင် (၈)ခန်းတွဲ (၅)ထပ်တိုက် (၁၄)လုံး ဆောက်ထားပြီး အခန်းအကျယ် (၄၃၆)စတုရန်းပေရှိသော အိမ်ခန်း (၄၄၈)ခန်းနှင့် အကျယ် (၉၅၀)စတုရန်းပေကျယ်သော အိမ်ခန်း (၂၈)ခန်းပါ၀င်ကာ အိမ်ခန်းပေါင်း (၄၇၆)ခန်းရှိကြောင်း သိရသည်။ ၀န်ထမ်းများအနေဖြင့် မိသားစုလေးဦးမှ ငါးဦးအထိ နေနိုင်မည်ဖြစ်သည်။ အဆိုပါ နိုင်ငံ့၀န်ထမ်းအငှါးအိမ်ရာအတွက် အိမ်လစာသည် အမှုထမ်းအနေဖြင့် ၀န်ထမ်းလစာ၏ ၃ ရာခိုင်နှုန်း၊ အရာထမ်းအနေဖြင့် လစာ၏ ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ အခန်းတိုင်းတွင် မီတာတစ်လုံးစီ တပ်ဆင်ပေးထားပြီး မီတာသုံးစွဲခ၊ စည်ပင်အမှိုက်ခွန်၊ ရေမီတာခများကို မိမိအစီအစဉ်အတိုင်း ပေးရမည်ဖြစ်သည်။ ထို့ပြင် အိမ်ရာ၀င်းလုံခြုံရေးအတွက် စရိတ်များကို နေထိုင်သူများက မျှခံသောစနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အငှါးအိမ်ရာလျှောက်ထားလိုသော ၀န်ထမ်းများသည် မိမိ၏ ဆောင်ရွက်နေသော သက်ဆိုင်ရာဌာန၏ ထောက်ခံချက်လျောက်လွှာများ စုစည်းပြီးမှ ဆောက်လုပ်ရေး၀န်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန(ရန်ကုန်)ရုံးသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် အငှါးအိမ်ရာအတွက် ဖွဲ့စည်းထားသော ကော်မတီမှ လျှောက်လွှာများတွင် ချမှတ်ထားသောမူများနှင့် ကိုက်ညီမှုရှိ/မရှိ ပြန်လည်စိစစ်ကာ ရှိရင်းအခန်းအရေအတွက်နှင့် လျှောက်ထားသူဦးရေ မျှ/မမျှ ပြန်လည်စိစစ်ကာ အငှါးအိမ်ရာများ အငှါးချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန(ရန်ကုန်)ရုံးမှ သိရသည်။
လျှောက်ထားသော၀န်ထမ်းများသည် အဓိကရန်ကုန်တိုင်းဒေသကြီး တာ၀န်ထမ်းဆောင်ဆဲ ၀န်ထမ်းဖြစ်ရပြီး ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး အသက်(၁၈)ပြည့်ပြီး အမြဲတမ်း နိုင်ငံ့၀န်ထမ်းဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တာ၀န်ပေးချက်အရ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရန်ကုန်သို့ စပြောင်းရွှေ့လာပြီး နေစရာမရှိသော ၀န်ထမ်းများဖြစ်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ၀န်ကြီးဌာနများတွင် လက်ရှိအလုပ်လုပ်ဆဲ ၀န်ထမ်းအိမ်ရာ မရှိသူများဖြစ်ရမည်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ထမ်းကိုယ်တိုင်သော်လည်းကောင်း၊ ၎င်း၏အတူနေ မိသားစုများကသော်လည်းကောင်း နေစရာအိမ်ပိုင် မြေပိုင်မရှိသူများ ဖြစ်ရမည်ဖြစ်ကြောင်း မြနန္ဒာ အငှါးအိမ်ရာချထားရေးကော်မတီမှ သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


