ဝါရှင်တန် ဖေဖော်ဝါရီ ၈
ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် ခေါင်းဆောင်များအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်သွားရန် အိမ်ဖြူတော်က စီစဉ်ထားသည်ဟု အမေရိကန်မီဒီယာဖြစ်သည့် အက်ဇီယိုတွင် ဖေဖော်ဝါရီ ၇ ရက်က ဖော်ပြထားသည်။
အဆိုပါအစည်းအဝေးသည် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးနှင့် ရန်ပုံငွေညီလာခံလည်းဖြစ်မည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။
အဆိုပါ အစည်းအဝေးကို အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုတွင် ပြုလုပ်ရန်စီစဉ်ထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ခေါင်းဆောင်များ တက်ရောက်ရန်အတွက် နိုင်ငံအတော်များများကို ဖိတ်ကြားခဲ့သည်ဟု အက်ဇီယိုတွင် ဖော်ပြထားသည်။
ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်များမှာ ကနဦးအဆင့်တွင်သာရှိသေးပြီး ပြောင်းလဲနိုင်သေးသည်ဟု အက်ဇီယိုတွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်ကလည်း မှတ်ချက်မပေးခဲ့ချေ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၂ ရက်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို စတင်ခဲ့သည်။
ဆင်ဟွာ


