၂၇ ဒီဇင်ဘာ 

 

ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထွက်နေတာ အတော်ကြာခဲ့ပြီဖြစ်တဲ့ ဗြိတိန်ကြယ်ပွင့် အန်ဒရူးဂါးဖီးနဲ့ ရီတာအော်ရာ တို့နှစ်ဦးကို လတ်တလောမှာတော့ အတူလက်တွဲကာ အလည်အပတ် ထွက်ခဲ့ကြတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုတွေ့ခဲ့ရတာဟာ ချစ်သူတွေ ဖြစ်နေကြောင်း သတင်းတွေ ပေါ်ထွက်ခဲ့ပြီးနောက် မင်းသား အန်ဒရူးဂါးဖီးနဲ့ ပေါ့ပ်ကြယ်ပွင့် ရီတာအော်ရာတို့ကို လက်ချင်းတွဲကာ ပထမဆုံး အကြိမ်အဖြစ် တွေ့မြင်ခဲ့ရတာဖြစ်ကြောင်း အီးတီ အွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သူတို့နှစ်ဦးကို လက်ချင်းတွဲကာ လန်ဒန်မှာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာတော့ အဆိုပါ ကြယ်ပွင့်စုံတွဲဟာ ချစ်သူတွေ ဖြစ်နေကြောင်း ကောလာဟလတွေ စတင်ပေါ်ထွက် လာခဲ့တာပါ။ လတ်တလောမှာမှ သူတို့နှစ်ဦး ပေါ်ပေါ်ထင်ထင် လက်တွဲလာတာကို တွေ့ခဲ့ရပေမယ့် လက်ရှိအချိန် အထိတော့ သူတို့နှစ်ဦး အကြားက ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။

 

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဒရူးဂါးဖီးနဲ့ ၂၈ နှစ်အရွယ် ရီတာအော်ရာတို့ဟာ ခရစ္စမတ်အကြို အလည်အပတ် ထွက်ခဲ့ရာမှာတော့ တကယ့် စုံတွဲတွေလိုပင် ချစ်ခင်နေပုံ ပေါ်နေတာကိုလည်း တွေ့ရပါတယ်။

 

ပင့်ကူလူသား ရုပ်ရှင်တွေမှာ ပင့်ကူလူသား ပီတာပါကာအဖြစ် ပါဝင်သရုပ်ဆောင်ရင်း ကျော်ကြားခဲ့တဲ့ ဗြိတိန်မင်းသား အန်ဒရူးဂါးဖီးဟာ ပင့်ကူလူသား ရုပ်ရှင်တွေမှာ ခေါင်းဆောင်အဖြစ် တွဲဖက်ပါဝင်ထားတဲ့ မင်းသမီး အန်မာစတုန်းနဲ့ နှစ်အတော်ကြာ လက်တွဲခဲ့သူဖြစ်ပါတယ်။ ရီတာအော်ရာကတော့ ရော့ဘ်ကာဒါးရှီးရန်း၊ ကယ်လ်ဗင် ဟဲရစ်၊ ထရားဗစ်စ်ဘာကာ စတဲ့နာမည်ကျော်တွေနဲ့ လက်တွဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

 

အေးပြည့်