ကလျာမိုးမြင့်

 

ရုရှားနိုင်ငံမှာ ကျန်းမာရေးအာဏာပိုင်တွေက လာမယ့်အောက်တိုဘာလထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ထုတ် နိုင်ရေးအတွက် လူထုအတွင်း ကာကွယ်ဆေးတွေထိုးနှံပေးခြင်းကို စတင်လုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ် နေပြီလို့ ရုရှားကျန်းမာရေးဝန်ကြီး မစ်ခ်ဟေးလ်မူရက်ရှိကိုက ပြောကြားခဲ့ပါတယ်။


ကာကွယ်ဆေးထိုးပေးခြင်းကို စတင်လုပ်ဆောင်ပြီ ဆိုတဲ့အခါမှာ ကာကွယ်ဆေးကို ပထမဆုံးလက်ခံရရှိမယ့် သူတွေကတော့ ဆရာဝန်တွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ ဖြစ်လိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးရဲ့ ပြောကြား ချက်ကို ရုရှားသတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။


ချဉ်းကပ်မှုမြန်ဆန်လွန်း
ရုရှားနိုင်ငံက ပထမဆုံး တီထွင်ထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးကို ယခုလမှာ စည်းကမ်းကြပ်မတ်ရေးအဖွဲ့တွေက ခွင့်ပြုချက်ပေးတော့မှာ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တချို့က ဖော်ပြနေပါတယ်။ သို့သော်လည်း ကျွမ်းကျင်သူ ပညာရှင်တချို့ကတော့ ရုရှားရဲ့ကာကွယ်ဆေးဖော်စပ်တဲ့ ချဉ်းကပ်မှုက မြန်ဆန်လွန်းတယ်ဆိုပြီး စိတ်မချရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။


ယခုရက်ပိုင်းအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စုက ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူဒေါက်တာ အန်တိုနီဖော်စီက ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အမှန်တကယ်စမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ တခြားနိုင်ငံတွေနည်းတူ မိမိနိုင်ငံသားတွေကို အကောင်းဆုံး အကာအကွယ်ပေးဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်အနေနဲ့လည်း ယခုနှစ်ကုန်လောက်မှာတော့ ထိရောက်ပြီး စိတ်ချရတဲ့ကာကွယ်ဆေးတစ်ခုကို ရသင့်ပြီလို့ ဒေါက်တာ ဖော်စီက ပြောပါတယ်။


မယုံကြည်နိုင်
အမေရိကန်က ကာကွယ်ဆေးရဖို့ ကျားကုတ်ကျားခဲ လုပ်ဆောင်မှုမပြီးသေးခင် ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေ ရနေပြီဆိုတာမျိုး၊ ကာကွယ်ဆေးရဖို့ ကျွန်ုပ်တို့ကတခြားနိုင်ငံတွေကို မှီခိုအားကိုးပြီး နေရမှာမျိုးကို မယုံကြည်နိုင်ဘူး ဖြစ်နေတယ်လို့ ဒေါက်တာဖော်စီက အမေရိကန်ဥပဒေပြုလွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။


ကိုဗစ်- ၁၉အတွက် ရည်ရွယ်ပြီး ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ဆေးပေါင်း အမြောက်အမြားကို ဖော်စပ်ထုတ် လုပ်နိုင်ဖို့ ကြိုးပမ်းနေကြပြီး အဲဒီထဲကမှ ကာကွယ်ဆေးအမျိုး ၂၀ လောက်ဟာအခုဆိုရင် လက်တွေ့စမ်းသပ် ကုသမှု လုပ်ဆောင်နေတဲ့ အဆင့်မှာ ရှိနေပါတယ်။


စမ်းသပ်မှုပြီးဆုံး
ရုရှားနိုင်ငံ မော်စကိုမြို့က ဂါမာလီရာ အင်စတီကျု သုတေသနဌာနမှာ ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုတွေ ပြီးဆုံးသွားပြီဖြစ်ပြီး ကာကွယ်ဆေးကို မှတ်ပုံတင်နိုင်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားပြီလို့ မစ္စတာမူရက်ရှ်ကိုရဲ့ ပြောကြားချက်ကို အင်တာဖက်စ်သတင်းအေဂျင်စီက ကိုးကားဖော်ပြပါတယ်။


ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လာမယ့်အောက်တိုဘာလထဲမှာ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်နေပြီဖြစ်ပြီး ပထမဆုံး ကာကွယ်ဆေးလက်ခံရရှိမယ့် သူတွေကတော့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။


အောင်မြင်မှုရှိ

ပြီးခဲ့တဲ့လအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်ပွားစေတတ်တဲ့ ဗိုင်းရပ်စ်ကို အခြေခံပြီး ဖော်စပ်ထားတဲ့ ကာကွယ်ဆေးကို ဂါမာလီရာ အင်စတီကျုက ကနဦးအဆင့် စမ်းသပ်မှုတွေလုပ်ဆောင် ပြီးသွားပြီ ဖြစ်ကြောင်းနဲ့ စမ်းသပ်မှုကနေ ထွက်ပေါ်လာတဲ့ရလဒ်တွေအရ အောင်မြင်မှုရှိကြောင်း ရုရှားသိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့လအတွင်း ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက လုံခြုံရေးဆိုင်ရာဝန်ဆောင်မှု အဖွဲ့အစည်းတွေက ရုရှားနိုင်ငံက ဟက်ကာအဖွဲ့တစ်ဖွဲ့ဟာ ကိုဗစ်- ၁၉ ကာကွယ်ဆေးဖော်စပ်ထုတ်လုပ်ရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတဲ့အဖွဲ့အစည်း အများအပြားကို ပစ်မှတ်ထားတဲ့ သတင်းအချက်အလက်ခိုးယူမှုတွေ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

 

စွပ်စွဲချက်ကိုငြင်းဆန်
The Dukesor Cozy Bear လို့အမည်ရတဲ့ APT29 ဟက်ကာအဖွဲ့ဟာ ရုရှားနိုင်ငံရဲ့ လျှို့ဝှက်ထောက်လှမ်းရေး ဝန်ဆောင်မှုအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ၉၅ ရာခိုင်နှုန်းမက သေချာတယ်လို့ ဗြိတိန် အမျိုးသား လုံခြုံရေးစင်တာက ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရီကီလင် ကတော့ အဲဒီစွပ်စွဲချက်ကို လက်မခံနိုင်ကြောင်း ငြင်းဆန်လိုက်ပြီး အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ပြန်လည် ချေပပြောဆိုခဲ့တာကို တွေ့ရပါတယ်။


ကျန်းမာရေးဝန်ကြီးက ရုရှားရဲ့ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု တတိယအဆင့်မှာ လူပေါင်း ၈၀၀ လောက်အထိ ပူးပေါင်းပါဝင်ခဲ့ဖွယ်ရှိပြီး တစ်ချိန်တည်းမှာပဲ ထုတ်လုပ်မှုတွေ စတင်ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးကို ဩဂုတ်လအတွင်းမှာ ဒေသဆိုင်ရာ စည်းကမ်းကြပ်မတ်ရေး အဖွဲ့အစည်းတွေဆီက အတည်ပြု ထောက်ခံချက်ရရှိဖို့ မျှော်မှန်းထားပြီး အဲဒီလုပ်ငန်းစဉ်တွေပြီးတာနဲ့ ဖြန့်ဝေရေးဆောင်ရွက်နိုင်ဖို့ ခန့်မှန်းထားပါတယ်။


သံသယမေးခွန်းတွေထွက်ပေါ်
ဒါပေမယ့် ရုရှားနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မြန်ဆန်ဆန်နဲ့ ပထမဆုံးဖော်စပ်ထုတ်လုပ်လို့ ပြီးသွားတာနဲ့ပတ်သက်ပြီး မေးခွန်းအချို့ ထွက်ပေါ်လာခဲ့ပါတယ်။ ဝေဖန်သူတွေက ရုရှားဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အားလုံးထက်ဦးစွာ ထုတ်လုပ်နိုင်ဖို့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး တွေမှာ စိတ်ချရအောင် လုပ်ဆောင်ခဲ့ခြင်းဟုတ်မဟုတ် ဝေဖန်သူတွေက သံသယမေးခွန်းတွေ ထုတ်လာခဲ့ပါတယ်။


သဘောတူလက်မှတ်ရေးထိုးထား
ဗြိတိန်နိုင်ငံမှာလည်း အောက်စဖို့ဒ်တက္ကသိုလ်က ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေးစမ်းသပ်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေပြီး လက်တွေ့စမ်းသပ်ကုသမှုမှာ ၎င်းတို့ရဲ့ကာကွယ်ဆေးဟာ ခုခံအားစနစ် တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေပြီး ဗြိတိန်တစ်နိုင်ငံတည်းမှာတင် ကာကွယ်ဆေးအခုရေ သန်း ၁၀၀ လောက် အထိဖြန့်ဝေဖို့ Astra Zeneca နဲ့ သဘောတူစာချုပ် တစ်ရပ် လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ကပ်ရောဂါ ဆိုးကြီးရဲ့ ဖိစီးနှိပ်စက်မှုကို တစ်ကမ္ဘာလုံးက အလူးအလဲ ရင်ဆိုင်နေရချိန်မှာ ကာကွယ်ဆေး ဘယ်နိုင်ငံက အရင်ထုတ်လုပ်နိုင်သည်ဖြစ်စေ ပြည်သူလူထုအတွက် သတင်းကောင်းတစ်ခု ဖြစ်မှာမလွဲပါ။ ။

ကိုးကား- ဒေးလီးမေးလ်၊ ဆင်ဟွာ