ရန်ကုန် ၂၂ စက်တင်ဘာ 

 

မြန်မာနိုင်ငံတွင် ပထမဆုံးသော စွန့်ပစ်အမှိုက်အိမ်စနစ်သစ်အား ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းမှ ရန်ကုန် မြို့၌ ယနေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အမှိုက်အိမ်စနစ်သစ်ကို ရန်ကုန်မြို့ ပန်းဘဲတန်းနှင့်ကျောက်တံတားမြို့နယ်တို့ရှိ နောက်ဖေးလမ်း ကြား ဥယျာဉ်များဖြစ်သော ၃၅ လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း(အထက်ဘလောက်)တွင်လည်းကောင်း ၊ လမ်း ၃၀ နှင့် ၃၁ လမ်းအကြား (အလယ်ဘလောက်)တို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

 

ဒို့အိမ်မှ သတင်းနှင်ပြန်ကြားရေးတာဝန်ခံ မအေးမြတ်သူက “ဒီအမှိုက်အိမ်ကကျတော့ နောက်ဖေးလမ်း ကြားတွေအနီးမှာ နေထိုင်ကြတဲ့ ရပ်ကွက်လူတွေကနေ အမှိုက်စိုကိုယူလာပြီဆိုရင် အမှိုက်အိမ်မှာစွန့်ပစ်ရဖို့ စတင်အကောင်အထည်ဖော်မှာပါ။ အဲဒီအခါကျရင် ပလုံကောက် (အမှိုက်ကောက်)သူတွေထဲကပဲ ရွေးချယ်ပြီး ကျွန်မတို့ ခန့်ထားတဲ့သူတွေကနေ အမှိုက်အစို၊ အခြောက်ခွဲ ပြီးတော့ အမှိုက်စိုဆိုရင် အမှိုက်အိမ်မှာ ထားမယ်။ အခြောက်ဆိုရင် Recycle အနေနဲ့ပြန်သုံးဖို့ အမှိုက် ခြောက်နေရာမှာ ပြန်ထားပေးသွားမှာပါ။ အဲဒီလိုစီစဉ်ထားပါတယ်” ဟု ပြောကြားသည်။ 

 

ရန်ကုန်မြို့တော်သည် စွန့်ပစ်အမှိုက်နှင့်ပတ်သက်၍ စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည့်အတွက် ဒို့အိမ်အနေဖြင့် လွန်ခဲ့သောနှစ်လခန့်မှစတင်၍ အမှိုက်ကနေရွှေဟူသော လှုပ်ရှားမှုစတင်ခဲ့ပြီး ဒို့အိမ်အဖွဲ့၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ YCDC ၊ ဒို့အိမ်အဖွဲ့အား ငွေကြေးထောက်ပံ့ပေးသော Building Markets တို့ ပူးပေါင်းကာ  ရန်ကုန်မြို့မှ စွန့်ပစ်အမှိုက်များကိုလျော့ချနိုင်ရန် မည်သို့ဆောင်ရွက်သင့်ကြောင်းနှင့် မည်သည့် စနစ်ကို ဖန်တီးသင့်ကြောင်း လေ့လာခဲ့ကြသည်ဟု သိရသည်။


ထိုသို့လေ့လာပြီးနောက် ပန်းဘဲတန်းနှင့်ကျောက်တံတားမြို့နယ်အတွင်းရှိ နေထိုင်သူအချို့အား စစ်တမ်း များကောက်ယူခဲ့ရာ စွန့်ပစ်အမှိုက်ပြဿနာနှင့်ပတ်သက်ပြီး အမှိုက်စိုနှင့်အမှိုက်ခြောက် ပြဿနာတစ်ရပ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် အမှိုက်စိုနှင့်ပတ်သတ်၍ စီမံခန့်ခွဲမှုအားနည်းနေသည့် အတွက် အမှိုက်စိုအတွက် သီးသန့်ပုံဖော်ထားသော အမှိုက်အိမ်များကို စတင်မိတ်ဆက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးဇော်ဝင်းနိုင်က စွန့်ပစ်အမှိုက်အိမ်စနစ်သစ်နှင့်ပတ်သက်၍ “ အရင်က နောက်ဖေးလမ်းကြား တွေမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တဲ့ဟာတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်ကွက်နေပြည်သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး ကျွန်တော်တို့ ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် ဒို့အိမ်နဲ့ပူးပေါင်းပြီးတော့ အမှိုက်အစို၊ အမှိုက် အခြောက်ခွဲခြားစွန့်ပစ်တတ်တဲ့ အလေ့အကျင့်ကောင်း၊ အမူအကျင့်ကောင်းတွေရရှိစေရန် ရည်ရွယ်ပြီးတော့ ဒီနေ့စတင်ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နောက်ဖေးလမ်းကြားများမှ စွန့်ပစ်အမှိုက်များ ရှင်းလင်းသိမ်းဆည်းရေးလုပ်ငန်းစီမံချက်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာ၌ မြို့တွင်း ၆ မြို့နယ်အပြင် ဆက်စပ်မြို့နယ် ၁၃ မြို့နယ်၌ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ နောက်ဖေးလမ်းကြောင်းပေါင်း ၇၆၇ ကြား ဆောင်ရွက်နိုင်ခဲ့ပြီး အမှိုက်တန်ချိန် အနေဖြင့် ၁၅၀ဝ၀ ကျော်သိမ်းဆည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အချို့ရပ်ကွက် လမ်းများ၌ ပြည်သူ စိတ်ဝင်စားမှုပေါ်မူတည်၍ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းလာသည်ကို လေ့လာတွေ့ရှိရကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း