ပထမကမ္ဘာစစ် အတွင်းက စစ်သားရဲ့ ရုပ်အလောင်းကို ဆွေမျိုးတွေရဲ့ DNA နမူနာနဲ့ တိုက်ဆိုင် စစ်ဆေးပြီး အတည်ပြုနိုင်ခဲ့

၂၂ ဖေဖော်ဝါရီ

 

ပထမကမ္ဘာစစ် အတွင်းက ဗာဒန်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ပြင်သစ်စစ်သား တစ်ဦးရဲ့ ရုပ်အလောင်းကို DNA နမူနာနဲ့ ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် ဈာပနအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးသွားမယ်လို့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရပါတယ်။ အဆိုပါ စစ်သားဟာ တပ်ကြပ်ကြီး အဆင့်ရှိသူ ကလာ့ဒ်ဖော်နီယာ ဆိုသူဖြစ်ကြောင်း သူ့ရဲ့ဆွေမျိုးတွေရဲ့ DNA နမူနာနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အတည်ပြုချက် ရယူခဲ့တာဖြစ်ပါတယ်။ ယခုလို DNA နမူနာနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့နည်းကို ၂၀၁၄ ခုနှစ် ကတည်းက ဗြိတိန်မှာ အသုံးပြုနေပြီး ၁၀ ယောက်ထိ ခွဲခြား အတည်ပြုနိုင်ခဲ့ပါတယ်။

 

 

ကလာ့ဒ်ဖော်နီယာရဲ့ ရုပ်အလောင်းကို ၂၀၁၅ ခုနှစ် မေလက ဒိုးရ်မောင့် အထိမ်းအမှတ် အဆောက်အအုံ လုပ်ငန်းခွင်တစ်နေရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဂျာမန်တပ်ဖွဲ့တွေ ဆယ်လကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ သေဆုံးခဲ့တာဖြစ်ပြီး အခြားစစ်သားတွေရဲ့ အကြွင်းအကျန်တွေကိုလည်း တွေ့ခဲ့ရကြောင်း သိရပါတယ်။ ဘူဒိုဇာနဲ့တူးဖော်မှုကြောင့် အရိုးစုသုံးခုကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး  မူလအတိုင်း အပြည့်အစုံ ချိတ်ဆက်လျက် တွေ့ရှိခဲ့တာဖြစ်ကြောင်း မှုခင်းသိပ္ပံပညာရှင် ဘရူနိုဖရီးမော့က ပြောကြားခဲ့ပါတယ်။

 

 

တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်းမှာပဲ စစ်တွင်း တောစီးဖိနပ်၊ လှံစွပ်၊ ကျည်ဆံ၊ ခမောက်နဲ့ အရက်နဲ့ ရေတစ်မျိုးမျိုးထည့်တဲ့ သံဗူးပြားငယ်တွေကိုလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ တပ်ဖွဲ့နဲ့အတူ ချီတက်လိုက်ပါလာတဲ့ တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာ ဟာအသက် ၃၅ နှစ်အရွယ် သြဂုတ်လ ၁၄ ရက် ၁၉၁၆ ခုနှစ်မှာ ကျဆုံးခဲ့တာဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ရှာဖွေတွေ့ရှိမှုများအရ တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာဟာ တိုက်ပွဲအတွင်းမှာ ရဲဝင့်စွာ တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

 

ကလာ့ဒ်ဖော်နီယာဟာ  ၁၈၈၀ နိုဝင်ဘာ ၂၇ မှာ ပြင်သစ်နိုင်ငံ Colombier-en-Brionnais ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ စစ်ထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။  သမိုင်းပညာရှင်တွေဟာ ရှာဖွေတွေ့ရှိထားတဲ့ အရိုးစုတွေကို စစ်ဘက်ဆိုင်ရာ မှတ်တမ်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးခဲ့ပေမဲ့ DNA တိုက်ဆိုင် စစ်ဆေးမှု မလုပ်ခင်ထိ အရိုးစုတွေကို တိတိကျကျ မခွဲခြားနိုင်ခဲ့ပါဘူး။ DNA တိုက်ဆိုင် စစ်ဆေးဖို့ သမိုင်းအဖွဲ့အစည်းများ အကူအညီနဲ့ တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာရဲ့ မိသားစုတွေကို ရှာဖွေခဲ့ရာမှာ အသက် ၇၅ နှစ်အရွယ် ၎င်းရဲ့ မြေးဖြစ်သူ ရောဘတ်အယ်လ်လာ့ဒ်နဲ့ ဆွေမျိုးတော်စပ်သူလို့ ယူဆရပြီး ၎င်းဒေသမှာ နေထိုင်ခြင်းမရှိတော့တဲ့ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

စစ်ဆေးမှုတွေအရ ၎င်းတို့ သုံးဦးလုံးရဲ့ DNA ဟာ တူညီမှုရှိနေတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ မျက်နှာသွင်ပြင် တိုက်ဆိုင်စစ်ဆေးဖို့မှာတော့ တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာ ရဲ့ မျက်နှာကို တိုက်ဆိုင်စစ်ဆေးနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ အသက် ၁၀၁ နှစ်အရွယ်နဲ့ ၂၀၁၁ ခုနှစ်မှာ သေဆုံးခဲ့သူ တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာရဲ့သမီး ချန်ထားခဲ့တဲ့ မှတ်တမ်းအချို့သာ တွေ့ရှိခဲ့ရပါတော့တယ်။ သူကနေတစ်ဆင့် သားဖြစ်သူ ရောဘတ်အယ်လ်လာ့ဒ် (တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာ၏ မြေး) ကို လက်ဆင့်ကမ်းပေးခဲ့ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ရေကြီးမှုဖြစ်စဉ်မှာ သူတို့ အိမ်ထဲကို ရေဝင်ရောက်ခဲ့တာကြောင့် အချို့စာတွေနဲ့ ဓါတ်ပုံတွေ ပျောက်ဆုံးခဲ့ရပါတယ်။

 

နောက်ဆုံး တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာ မသေဆုံးခင်က သူ့ရဲ့ တပ်ဖွဲ့နဲ့ အုပ်စုလိုက်ရိုက်ထားတဲ့ ဓါတ်ပုံကို သေတ္တာတစ်ခုထဲက ရှာဖွေတွေ့ရှိခဲ့ပြီး တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာကို ရွေးထုတ်နိုင်ခဲ့ပေမဲ့ တိတိကျကျ အတည်မပြုနိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာ တပ်ကြပ်ကြီးရဲ့ မျက်နှာသွင်ပြင်ကို ပြန်လည်ပုံဖော်နိုင်ဖို့ ပဲရစ် မှုခင်းဆေးဘက်ဆိုင်ရာကို အကူအညီတောင်းခံခဲ့ရပါတယ်။ တွေ့ရှိထားတဲ့ စစ်သားရဲ့ အရိုးနဲ့ DNA တွေကို တိုက်ဆိုင်စစ်ဆေးပြီး ဆံပင်၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးစသဖြင့် မတူညီတဲ့ ပုံလေးပုံကို ဖန်တီးနိုင်ခဲ့ကာ ရရှိထားတဲ့ အုပ်စုပုံနဲ့ စိစစ်ရွေးချယ်နိုင်ခဲ့ပါတယ်။

 

၁၉၁၆ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ကြာမြင့်ခဲ့တဲ့ ဗာဒန် တိုက်ပွဲမှာ စစ်သား ၃၀ဝ၀ဝ၀ ကျော်သေဆုံးခဲ့ပြီး ၈၀ဝ၀ဝ လောက်ဟာ သစ်တောတွေနဲ့ လယ်ကွင်းပြင်တွေမှာ  မြေမြှုပ်ခဲ့ရတယ်လို့ သိရပါတယ်။ တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင် တစ်ယောက်အဖြစ် ဒိုးရ်မောင့် အောက်မေ့ဖွယ် အထိမ်းအမှတ်အဆောက်အအုံမှာ အနားယူခွင့်ရပြီဖြစ်ပါတယ်။

 

ဈာပန အခမ်းအနားကို မြေးဖြစ်သူ ရောဘတ်အယ်လ်လာ့ဒ် တက်ရောက်ခဲ့ပြီး “ကျွန်တော့အဘိုး အနားယူနိုင်ခဲ့ပါပြီ။ သူဟာ ပထမ ကမ္ဘာစစ်အတွင်း သူရဲကောင်းများစွာထဲက သူရဲကောင်းတစ်ယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။

 

(MDN)
ကိုးကား - အေအက်ဖ်ပီ