ရုပ်ရှင်ဖန်တီးမှုကို စိတ်ပါဝင်စားသော မျိုးဆက်သစ်လူငယ်များအတွက် Korea CGV Toto’s Team မှ ပံ့ပိုးပေးသည့် သင်ရိုးညွှန်းတမ်းလမ်းညွှန်ချက်ဖြင့် ပို့ချသင်ကြားပေးမည့် JCGV Toto’s Film Making Class ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

JCGV Toto’s Film Making Class မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည်။

 

အဆိုပါ JCGV Toto’s Film Making Class ဖွင့်လှစ်သင်ကြားပို့ချခြင်းကို Shwe Taung Group ၏ Gravity Entertainment Company Limited နှင့် တောင်ကိုရီးယား နိုင်ငံရှိ ထင်ရှားအောင်မြင်သော ရုပ်ရှင်လုပ်ငန်းတစ်ခုဖြစ်သည့် CJ Group ၏ CJ CGV တို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် JCGV Cineplex မှ ဦးဆောင်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

 

JCGV မှ အမှုဆောင်အရာရှိချုပ် ဒေါ်မိမိခိုင်က “ JCGV Toto’s Film Making Class သင်တန်းဟာ Korea CGV ရဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု (Global Campaign) အနေနဲ့ စီစဉ်လုပ်ဆောင်နေတာပါ။ အခုလို JCGV အနေနဲ့    Toto’s Film Making Class ရဲ့ပူးပေါင်းမှုနဲ့ ရုပ်ရှင်ဖန်တီးထုတ်လုပ်မှုသင်တန်းကို မြန်မာနိုင်ငံမှာ ဆောင်ရွက် နိုင်တဲ့အတွက် CGV ကို အထူးကျေးဇူးတင်ပါတယ်။ ဒီသင်တန်းမှာ စာတွေ့ပဲသင်ကြား ပေးမှာမဟုတ်ဘဲ ရုပ်ရှင်ဖန်တီးထုတ်လုပ်ခြင်းရဲ့ အမှန်တကယ် အတွေ့အကြုံကို ရရှိစေဖို့ သင်တန်းသားတွေကိုယ်တိုင် ဇာတ်လမ်းတိုတွေ ဖန်တီးရိုက်ကူးရမှာပါ။ ရိုက်ကူးထားတာတွေထဲက အကောင်းဆုံးဇာတ်ကားကို ရွေးချယ်ပြီး ဆုချီးမြှင့်မယ့် အစီအစဉ်လည်း ပါရှိပါတယ်။ သင်တန်းသားတွေရဲ့ အရည်အသွေးကို ဆက်လက် မြှင့်တင်ပေးနိုင်မယ့် အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ ပေါ်ပေါက်လာစေဖို့ ဆက်ပြီး ပံ့ပိုးကူညီသွားမှာပါ”ဟု ပြောကြားသည်။

 

ယခုဖွင့်လှစ်မည့် JCGV Toto’s Film Making Class အတွက် သင်ရိုးညွှန်းတမ်း လမ်းညွှန်ချက်အား CGV   Toto’s  Team မှ ပံ့ပိုးပေးမည်ဖြစ်သည်။ ယခုနှစ် ပထမဆုံး သင်တန်းတွင် ရုပ်ရှင်ဖန်တီးထုတ်လုပ်မှု ပညာအား စိတ်ပါဝင်စားသည့် အသက် ၁၂ နှစ် မှ ၁၆ နှစ်အတွင်းရှိ မျိုးဆက်သစ်လူငယ် ၃၀ အား ရွေးချယ်လက်ခံ၍  တစ်ဖွဲ့လျှင် ငါးဦးစီဖွဲ့ပြီး ပြည်တွင်းရုပ်ရှင်အတတ်ပညာ ရှင်များဖြင့် အနီးကပ်သင်ကြားပို့ချပေးရန် စီစဉ်ဆောင်ရွက်ထားကာ သင်တန်းတွင် ပထမဆုရရှိသူများအား ငွေကျပ် ၁၀ သိန်းနှင့် အခြားဆုလက်ဆောင်များ ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

 

JCGV မှ CFO,  Mr. Ryu Seong Soo က “မြန်မာ့ရုပ်ရှင်လောက ပိုမိုကောင်း မွန်တိုးတက်လာစေဖို့ အရည်အချင်းပြည့်ဝတဲ့  လူသားအရင်းအမြစ်တွေ ထွက်ပေါ်လာ စေရေး အထူးပင်လိုအပ်လျက်ရှိပြီး JCGV Toto’s Film Making Class ဟာ လူငယ်တွေကို ရုပ်ရှင်ကတစ်ဆင့် သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ လူငယ်များအနေနဲ့ ရုပ်ရှင်နှင့်ပတ်သက်တဲ့ အသိပညာ အတတ်ပညာတွေကို လေ့လာ နိုင်ဖို့အတွက် အခွင့်အရေးကောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခု အချိန်ထိ  JCGV Toto’s Film Making Class ကနေတစ်ဆင့် ရိုက်ကူးပြီးစီးတဲ့ ရုပ်ရှင် ကား  စုစုပေါင်း ၆၂၉ ကားမှာ ပါဝင်ကူညီပေးကြတဲ့ ဒါရိုက်တာ နဲ့ ပညာရှင် ၆၈၆ ဦးနဲ့ မွေးထုတ်ပေးနိုင်ခဲ့တဲ့ ကျောင်းသားအရေအတွက် ၆၃၄၀ ရှိခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်မှ စတင်ပြီး မြန်မာပြည်မှာလည်းပဲ ဒါရိုက်တာဖြစ်ချင်တဲ့ ဝါသနာရှင် လူငယ်တွေကို  ဒီသင်တန်းက မွေးထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရှေ့ဆက်ပြီး JCGV အနေနဲ့ မြန်မာ့ရုပ်ရှင်လောကကို ပိုမိုကောင်းမွန်စေဖို့နဲ့ မြန်မာပြည်သူတွေ အတွက် ရုပ်ရှင်မှ တစ်ဆင့် အိပ်မက်နဲ့မျှော်လင့်ချက်ကို ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော် အစိုးရ၊ ပြည်တွင်းရှိ အတတ်ပညာရှင် အသိပညာရှင်တွေ၊ ဒါရိုက်တာတွေ၊ ရုပ်ရှင်ထုတ်လုပ်သူ တွေ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

 

ထို့နောက် နိုင်ငံတကာ  JCGV Toto’s Film Making Class များမှ ကျောင်းသားများ၏ အကောင်းဆုံးဆုရ ရုပ်ရှင်ဇာတ်ကားများဖြစ်ကြသည့် ၂၀၁၅ ခုနှစ် အင်ဒိုနီးရှား နိုင်ငံမှ လူငယ်များရိုက်ကူးသော “ Cinta Buta ” ဇာတ်ကားနှင့် ၂၀၁၈ ခုနှစ် တွင် ပထမဆုရရှိသည့် တရုတ်နိုင်ငံမှ လူငယ်များရိုက်ကူးသော “ 8/August ” ရုပ်ရှင် ဇာတ်ကားတို့ကို ပြသသည်။

 

အမှုဆောင်အရာရှိချုပ် ဒေါ်မိမိခိုင် က  JCGV အနေဖြင့် အဖွဲ့အစည်းဆိုင်ရာ တာဝန်သိလုပ်ဆောင်မှု (Corporate Social Responsibility) တစ်ခုအနေဖြင့် မိမိတို့၏ မြန်မာ့ရုပ်ရှင်လောကအား ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်၊ မြန်မာ့ရုပ်ရှင် မျိုးဆက်သစ် လူငယ်ဒါရိုက်တာများ၊ ရုပ်ရှင်ပိုင်းဆိုင်ရာ ကျွမ်းကျင်အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုပေါ်ထွက်လာစေရန်၊ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် မြန်မာရုပ်ရှင် ဖန်တီးထုတ်လုပ်မှုများ ပိုမိုထွန်းကားလာစေရန်၊ ရုပ်ရှင်ပညာအား စိတ်ဝင်စားသော လူငယ်မျိုးဆက်သစ်များနှင့် ရုပ်ရှင်လောကအတွင်းမှ ကျွမ်းကျင်ပညာရှင်၊ အသိ ပညာရှင်များအကြား ပညာအမွေလက်ဆင့်ကမ်းနိုင်မည့် ဆက်သွယ်မှုပေါင်းကူးတံတား တစ်ခုအဖြစ် အထောက်အကူဖြစ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါ  JCGV Toto’s Film Making Class အား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် သင်တန်းကြီးကြပ်ဆရာများအဖြစ် အကယ်ဒမီ ဒါရိုက်တာ ကြည်စိုးထွန်းနှင့်  အကယ်ဒမီ ဒါရိုက်တာ ညီညီထွန်းလွင်၊ သင်တန်းဆရာများအဖြစ် ဒါရိုက်တာမျိုးဇော်အောင်၊ အကယ်ဒမီဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဒါရိုက်တာ အေဝမ်းသိန်းထွဋ်၊ ဒါရိုက်တာထူးသာ၊ ဒါရိုက်တာကျော်နှင်းဆီနှင့် ဒါရိုက်တာယွန်းတို့က သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

JCGV Toto’s Film Making Class အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် Forever Group Co., Ltd တို့က အဓိက ပံ့ပိုးကူညီပေးခဲ့ကြပြီး Shwe Taung Real Estate Co., Ltd နှင့် City Property Co., Ltd. တို့ကလည်း အသီးသီးပါဝင် ပံ့ပိုးကူညီခဲ့ကြခြင်းဖြစ်သည်။ 

 

ဝင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက  Facebook. com/JCGV-Toto’s Film Making Class နှင့် ဖုန်း ၀၉-၂၅၅၁၁၃၆၂၉ ၊ ၀၉-၂၅၅၁၁၃၆၃၄ နှင့် ၀၉-၂၅၅၁၁၃၆၄၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

သတင်း - ရီရီမြင့်

 

ဓာတ်ပုံ - လှမိုး