၂၉ မတ်
၁၈၅၄ ခုနှစ်က လန်ဒန်မြို့တွင် ကာလဝမ်းရောဂါကပ်ဆိုက်သောအခါသမားတော် John Snaow သည် ရောဂါပျံ့နှံ့သောနေရာတို့ အပါအဝင်လမ်းတို့၏ တည်နေရာ၊ လူနေရပ်ကွက်နှင့် ရေပိုက်လိုင်းတို့ ပါဝင်သော မြေပုံတစ်ခုကို ရေးဆွဲခဲ့ပါသည်။ ဤမြေပုံ၏ အံ့ဩစရာရလဒ်မှာ ကာလဝမ်းရောဂါပိုးသည် ရေပိုက်လိုင်းတစ်ခု၏ ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် ပျံ့နှံ့နေသည်ကို တွေ့ရှိရခြင်းဖြစ်ပါသည်။ အချက်အလက်တို့ကို ပထဝီဝင်အနေအထားအပေါ် အခြေခံသုံးသပ်၍ ပြဿနာတို့၏အဖြေကို ရှာဖွေခြင်းဖြစ်ပါသည်။ Geographic Information System သည် အချက်အလက်တို့ကို ပထဝီဝင်အနေအထားနှင့် ဆက်စပ်ခြင်းဖြစ်ပါသည်။ Geographic Information Science က မည်ကဲ့သို့ ဖြစ်ပွားသည်ကို ဖော်ထုတ်ခြင်းဖြစ်ပါသည်။
မူဝါဒချမှတ်နိုင်ရေးအတွက် ဒေသဆိုင်ရာ အစိုးရတို့ လိုအပ်သောအချက်အလက်တို့၏ ၈၀ ရာခိုင်နှုန်းသည် ပထဝီဝင်အနေအထားနှင့် တစ်နည်းတစ်ဖုံ ပတ်သက်လျက်ရှိသည်ဟု ပညာရှင်တစ်ဦးက တင်ပြထားပါသည်။ ပစ္စုပ္ပန်ကာလ၌ နေ့စဉ် သန်းနှင့်ချီသော ဆုံးဖြတ်ချက်တို့ ချမှတ်နိုင်ရေးအတွက် ကွန်ပျူတာစနစ်အသုံးပြုထားသည့် Geographic Information System(GIS) က ပံ့ပိုးပေးလျက်ရှိပါသည်။ စတိုးဆိုင်သစ်များအတွက် နေရာရှာဖွေသတ်မှတ်ခြင်းမှအစ ရာသီဥတု ပြောင်းလဲခြင်းပုံစံခန့်မှန်းခြင်း အလယ်၊ ရာဇဝတ်မှုဖြစ်ပွားသည့်ပုံစံများသုံးသပ်ခြင်း အဆုံး၊ အမျိုးမျိုးသော လိုအပ်ချက်တို့အတွက် GIS ကို အသုံးပြုနေကြပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ သီးနှံအလိုက် စိုက်ပျိုးသော မြေဧရိယာဆိုင်ရာ မြေပုံထုတ်ရာ၌လည်းကောင်း၊ မြေအမျိုးအစားအလိုက် မြေပုံထုတ်ရာ၌လည်းကောင်း GIS ကို အသုံးပြုသောကြောင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အသေးစိတ်မူဝါဒတို့ကို ချမှတ်နိုင်စွမ်း ရှိလာပါသည်။
ဤမျှ အသုံးဝင်သော Geographic Information System (GIS) ကို မြန်မာနိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုးရေးလုပ်ငန်း စီမံချက်အပါအဝင် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ ဤကဲ့သို့ အသုံးပြုရေးဆိုင်ရာ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက GIS မြေပုံစနစ်ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများပါမကျန် ပြည်သူလူထုရှိရာ ဒေသတိုင်းသို့ ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် အနုစိတ်စီမံချက်များ ရေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း ရှင်းလင်းပြောဆို
ခဲ့ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃ သန်း အသုံးပြုထားပြီးဖြစ်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် မူလက ကာကွယ်ဆေး ကိုးမျိုးသာ ထိုးနှံပေးခဲ့ရာမှ နောက်ပိုင်းတွင် ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေးကိုပါ တိုးချဲ့ပေးနေသည်ဖြစ်၍ ယခုအသုံးပြုမည့် Geographic Information System (GIS) သည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးမြှင့်တင်ရာ၌ ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
မြန်မာ့အလင်း