နေပြည်တော်၊ မတ် ၇
ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာ လေ့လာရေးအဖွဲ့က စီစဉ်ကျင်းပသော ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ (အခွင့်အလမ်းတွေ ဘယ်လို ရယူမလဲ) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာရေးရာ လေ့လာရေးအဖွဲ့မှ သုတေသနပညာရှင်ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ မြန်မာလူမှုစီးပွားဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦး၊ Financial Management ၊ Vancouver, Canada ငွေကြေးစီမံခန့်ခွဲမှု ပညာရှင် ဦးဝီလျှံအောင်၊ ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပထဝီနိုင်ငံရေးနှင့် ပထဝီ စီးပွားရေးဆိုင်ရာ မှတ်တမ်းဗီဒီယိုကို ပြသသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏စီးပွားရေး တည်ငြိမ်ရေးအတွက် အထောက် အကူဖြစ်စေမည့် စီးပွားရေးမူဝါဒများ စနစ်တကျချမှတ်နိုင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံ၏ တည်ရှိမှုအရ ကမ္ဘာတွင် လူဦးရေ အများဆုံးနှင့် ဒုတိယအများဆုံး နိုင်ငံ နှစ်နိုင်ငံအကြားတွင် ရှိနေပါကြောင်း၊ နှစ်နိုင်ငံလုံး၏ မဟာဗျူဟာ အကျိုးစီးပွားတချို့သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်နေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။
ယင်းနိုင်ငံများ လိုအပ်နေသည့် ကုန်စည်များ၊ ထုတ်ကုန်များကိုသာ အရည်အသွေးမီ ထုတ်လုပ် တင်ပို့နိုင်မည် ဆိုပါက အကြီးမားဆုံး ဈေးကွက်ကြီးများသည် လက်တစ်ကမ်း အနီးအနားတွင် ရှိနေပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပထဝီစီးပွားရေးကို ကောင်းကောင်း အသုံးချနိုင်ရန်သာ လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ ဦးဆောင်ဆွေးနွေးကြမည့် ပညာရှင်များဆီမှ တန်ဖိုးရှိသည့် ဆွေးနွေးသုံးသပ်ချက်များ၊ အကြံပြုချက်များ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင်မိမိတို့တွင် ပထဝီစီးပွားရေးအရ အားသာချက်များ၊ အခွင့်အလမ်းများ ရှာဖွေပြီး ဘယ်လိုအသုံးချ နိုင်မည်ဆိုသည့် ဆွေးနွေးချက်၊ အကြံပြုချက်များကိုလည်း ရရှိလာ လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ဆွေးနွေးအကြံပြုချက်များ အပေါ်တွင်လည်း တလေးတစား တန်ဖိုးထားပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် သိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းပူးပေါင်း ပါဝင်ဆွေးနွေးကြစေလိုကြောင်း၊ နောင်တွင်လည်း အလျဉ်းသင့်သလို ယခုကဲ့သို့ ဆွေးနွေးပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေး
ယင်းနောက် သဘာပတိအဖြစ် မြန်မာရေးရာလေ့လာရေးအဖွဲ့မှ သုတေသနပညာရှင် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ဆောင်ရွက်ပြီး မြန်မာလူမှုစီးပွား ဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦး နှင့် Financial Management ၊ Vancouver, Canada ငွေကြေး စီမံခန့်ခွဲမှုပညာရှင် ဦးဝီလျှံအောင်တို့က ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ (အခွင့်အလမ်းတွေ ဘယ်လိုရယူမလဲ)ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ဒေါက်တာဇော်ဦးက ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး ဆက်စပ်နေမှု၊ ကုန်သွယ်ရေးအုပ်စုများ စုဖွဲ့ဆောင်ရွက်လာမှု၊ ပင်မဝင်ငွေရနိုင်မည့် စီးပွားရေးလမ်းကြောင်းများ၊ ဈေးကွက်ရှာဖွေရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ကိုဗစ် - ၁၉ ကြောင့် ပြောင်းလဲသွားသည့် ကမ္ဘာ့ဈေးကွက် အခြေအနေ၊ ကိုဗစ် - ၁၉ ဖြစ်ပွားနေသည့် ကြားမှ ပြောင်းကုန်သည်များ၏ ကြိုးစားမှုကြောင့် ထိုင်းနိုင်ငံသို့ ပြောင်းများ တင်သွင်းနိုင်ခဲ့မှု၊ အိန္ဒိယနိုင်ငံသို့ ပဲများ ပိုမို တင်သွင်းနိုင်ခဲ့မှု၊ အထည်ချုပ် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေရရှိမှု၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကြောင့် ပြည်ပသို့ လုပ်သားစီးဆင်းမှု များပြားသော်လည်း မိဘများ၊ မိသားစုများထံ ငွေများလွှဲပြောင်း ပေးပို့မှုမှတစ်ဆင့် နိုင်ငံ့ဝင်ငွေရရှိ မှု၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် ပင်လယ်ရေကြောင်း ဆက်စပ်မှု ရှိနေသည်ဖြစ်၍ အခွင့်အလမ်းများ ရှိနေမှု၊ ပထဝီနိုင်ငံရေး ကောင်းမွန် မှုအခြေခံ၍ ပထဝီစီးပွားရေး ကောင်းမွန်အောင် ပြောင်းလဲ ဖော်ဆောင်နိုင်မှု၊ မြန်မာနိုင်ငံက ဆောင်ရွက်သည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအတွက် မြန်မြန်စတင်၊ အခွန်အခ ရယူနိုင်သည့်အခြေအနေ၊ စီမံကိန်းလုပ်ငန်းတွင် ချေးငွေဖြင့် ပူးပေါင်းပါဝင်မှုမပြုလုပ်ဘဲ Passive Income ကိုသာရယူနိုင်ပါက ပိုမိုကောင်းမွန်မှု၊ ထိုင်းနိုင်ငံနှင့်လည်း စီးပွားရေး ပိုမိုချိတ်ဆက်ဆောင်ရွက် သင့်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

လွန်စွာအရေးပါ
ထို့နောက် ဦးဝီလျှံအောင်က ပထဝီနိုင်ငံရေး အယူအဆ ဘယ်လောက်ကျယ်ပြန့်လာနေ သလဲဆိုသည်ကို နိုင်ငံတော်အကြီးအကဲ၏ ရုရှားနိုင်ငံ၌ ပြောကြားခဲ့သော မိန့်ခွန်းနှင့် စတင်လိုမှု၊ နိုင်ငံတော်အကြီးအကဲက အာရှ-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေး အနေအထားအရ ကမ္ဘာပေါ်တွင် လွန်စွာအရေးပါသော ဒေသတစ်ခု ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသ သည် ကမ္ဘာ့စီးပွားရေးဈေးကွက်၏ သုံးပုံတစ်ပုံခန့်ကိုလည်း ပိုင်ဆိုင် ထားပြီး အရေးပါသော အဓိက ပင်လယ်ရေလမ်းကြောင်းများ တည်ရှိရာ ဒေသတစ်ခုလည်းဖြစ် ကြောင်းစသည်ဖြင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေးညီလာခံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက် ဆွေးနွေးရာ၌ ထည့်သွင်းပြောကြားခဲ့မှု၊ မြန်မာနိုင်ငံ ပါဝင်သည့် အာရှ-ပစိဖိတ်ဒေသသည် စီးပွား ရေးအရဖြစ်စေ၊ လုံခြုံရေးအရ ဖြစ်စေ လွန်စွာအရေးပါသည့် ဒေသတစ်ခုဖြစ်မှု။
ကမ္ဘာ့စီးပွားရေးတွင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖြန့်ကြက် ဖော်ဆောင်နေမှု၊ အင်အားကြီး နိုင်ငံများသည် စီးပွားရေးဖော်ဆောင်ရာတွင် မိမိနိုင်ငံအတွက် အမျိုးသား အကျိုးစီးပွား ထားရှိဆောင်ရွက်မှု၊ ပထဝီနိုင်ငံရေးတွင် သူနိုင် - ငါရှုံး သဘောတရားကို အခြေခံသော် လည်း ပထဝီစီးပွားရေးတွင် သူနိုင် - ငါနိုင် အကျိုးစီးပွားကို အခြေခံမှု၊ မြန်မာနိုင်ငံ၏ ပင်မဝင်ငွေ စီးကြောင်းများကို ဖော်ထုတ်သင့်မှု၊ အိမ်နီးချင်းနိုင်ငံများဖြစ် သော တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့မှာ စုစုပေါင်း လူဦးရေ သန်း ၃၀၀၀ ကျော်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းရှိမှု၊ စီးပွားရေး အခွင့် အလမ်းများ ဖော်ဆောင်ရာတွင် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက် တို့ထက် ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် Logistic Transit မှ အခွင့်အလမ်းရအောင် ဖန်တီးနိုင်မှု၊ ကုန်သွယ်ရေးတွင် သယ်ယူပို့ဆောင်ရေးသည် အရေးပါပြီး စရိတ်သက်သာသည့် လမ်းကြောင်းများ ဖော်ဆောင် သင့်မှု၊ မြန်မာနိုင်ငံ ကမ်းရိုးတန်း ပိုင်ဆိုင်မှုအပေါ် အခြေခံပြီး ရေကြောင်းကုန်သွယ်မှု၊ ရေထွက် ကုန်တို့မှ ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်မှု၊ ထို့ပြင် လောင်စာဆီနှင့် ပတ်သက်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှု၊ ရန်ကုန် စတော့အိတ်ချိန်းကို ပိုမိုအသက်ဝင်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ နိုင်ငံ့စီးပွားရေး တိုးတက်ရေး အတွက် အခြားနိုင်ငံမှ ပုံတူကူး၍မရဘဲ မှီငြမ်းပြီး မိမိတို့နှင့် ကိုက်ညီ သည့် ပုံစံကို ဆောင်ရွက်သင့်မှုတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဆွေးနွေးမှုများ အပေါ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကတည်းက ပြင်ဆင်ထားမှုများ၊ ယခုကာလတွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ နှစ်ပေါင်းများစွာ ဧရာဝတီ မြစ်ကူးတံတား တစ်စင်းသာရှိခဲ့ရာမှာ နဝတ၊ နယက လက်ထက်တွင် မြစ်ကူးတံတား ပေါင်းများစွာ တည်ဆောက်နိုင်ခဲ့သဖြင့် မြစ်အနောက်ဘက်ခြမ်း ဒေသများ ဖွံ့ဖြိုးတိုးတက်လာမှု၊ ရခိုင်ပြည်နယ်တွင် လမ်းများဖောက်လုပ်ပေးခဲ့မှု၊ ကျောက်ဖြူ စီမံကိန်းကိုလည်း ယခင်နှစ်ပေါင်းများစွာကပင် စဉ်းစားပြင်ဆင်ခဲ့မှု၊ မြစ်ဆုံစီမံကိန်းသာ ဆောင်ရွက် နိုင်ခဲ့ပါက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်မည့် အခြေအနေ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်း၍ ဆက်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ရန် စီစဉ်ခဲ့သည့် အခြေအနေ၊ နယ်စပ်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု၊ Dry Port Zoneများ တည်ဆောက်ရန် လျာထားစဉ်းစား ခဲ့မှု၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်ရန် လျာထားစဉ်းစားခဲ့မှု၊ လက်ရှိကာလ ပိတ်ဆို့မှုများ နှင့် အစိုးရ၏ ဖြေရှင်းဆောင်ရွက် နေမှုများကို ဆွေးနွေးပြောကြားသည်။
ပထဝီစီးပွားရေး၏ အချက်များ
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သဘာဝအရင်းအမြစ် ကုန်သွယ်မှုနှင့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်သွယ်မှု ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းသည် ပထဝီ စီးပွားရေး၏ အချက်များဖြစ်မှု၊ ယနေ့ ကမ္ဘာ့နိုင်ငံများသည် Economic Nationalism ကို ပြောင်းလဲ ဖော်ဆောင်လာမှု၊ ဒေါ်လာအပေါ် မှီခိုသည့် စီးပွား ရေးကို ကျော်လွှားနိုင်ရေး ကြိုးစားဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ သာမကဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စီးပွားရေး တိုးတက်မှုအတွက် တီထွင်ဆန်းသစ်ခြင်း၊ နည်းပညာ နှင့် အညီလုပ်ဆောင်ခြင်း၊ စွမ်းအင် လုံခြုံရေး၊ ငွေကြေးခိုင်မာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လာမှု တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူး တင်စကား ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာ ကြသည့် ဝန်ကြီးဌာနများမှ အရာရှိများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒေါက်တာဇော်ဦး နှင့် ဦးဝီလျှံအောင်တို့က ပြန်လည် ဖြေကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အလုပ်ရုံ ဆွေးနွေးပွဲ သဘာပတိနှင့် ဆွေးနွေး ဟောပြောသည့် ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ဦးမောင်မောင်အုန်းတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြန်မာရေးရာ၊ တိုင်းရင်းသားရေးရာနှင့် ကမ္ဘာရေးရာစာအုပ်များကို ကြည့်ရှု လေ့လာခဲ့ကြသည်။
သတင်းစဉ်