ပထဝီဝင်တည်နေရာအရ တိမ်မြုပ်ပျောက်ကွယ်ဖို့ နီးကပ်လာတဲ့ အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်ပေါ် ဂျိုရှီမစ်သ်မြို့

 

လင်းလက်ကြယ်

 

အိန္ဒိယနိုင်ငံ    ဥတ္တရာခန်းပြည်နယ်  ဂျိုရှီမစ်သ်မြို့ဟာ အမြင့်ပေ ၆၁၅၀ မှာ တည်ရှိပြီး ဟိမဝန္တာ တောင်တက်ခရီးစဉ် တွေအတွက် အချက်အချာကျတဲ့ ဝင်ပေါက်တစ်ခုအဖြစ်   ရှိနေပါတယ်။ တောင်ကုန်းတစ်ခုရဲ့  ကုန်းစောင်းပေါ်မှာ   တည်ရှိတဲ့ ၎င်းမြို့ဟာ ပထဝီဝင်တည်နေရာကြောင့် နစ်မြုပ်တော့မယ်လို့ အတည်ပြုထားတဲ့ မြို့လေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့တစ်ဝိုက်မှာရှိတဲ့ အဆောက်အအုံတွေ အက်ကွဲပြိုကျတာ၊ မြေတွေကျွံဝင်တာတွေကြောင့် မြို့နေလူတွေ ပိုင်ဆိုင်ပစ္စည်းတွေကို ထုပ်ပိုးပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။

 

ဂျိုရှီမစ်သ်မြို့ဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ မြေပြိုကျမှုတွေကြောင့် နေအိမ်တွေရဲ့ မျက်နှာကြက်တွေ၊ ကြမ်းပြင်တွေ၊ နံရံတွေမှာ အက်ကွဲကြောင်းပေါ်လာတဲ့ အဆောက်အအုံ ၈၆၃ ခုရှိပြီး အဲဒီထဲက မှ ၁၈၁ ခုကို နေထိုင်ဖို့ မလုံခြုံတဲ့ အဆောက်အအုံတွေအဖြစ် သတ်မှတ်ထားတယ်လို့ ခရိုင်တရားသူကြီး ဟီမန်ရှူ ခူရာနာက ပြောပါတယ်။ အိန္ဒိယအာကာသ သုတေသနအဖွဲ့က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်ကြား ၁၂ ရက်အတွင်း ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာ ဟိမဝန္တာတောင်ပေါ်မြို့ ဂျိုရှီမစ်သ်မြို့ဟာ ၅ ဒသမ ၄ စင်တီမီတာ နစ်မြုပ်နေတယ်လို့ ဖော်ပြထားတာကြောင့် မြေပြိုကျမှုတွေအပေါ် ဒေသခံတွေ စိုးရိမ်မှု မြင့်တက်လာနေပါတယ်။

 

လူပေါင်း ၁၃၀၀ ကျော် သေဆုံး

 

ဂျိုရှီမစ်သ်မြို့ဟာ တည်နေရာ အနေအထားအရ သဘာဝဘေးအန္တရာယ် မကြာခဏဖြစ်ပွားလေ့ရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အဲဒီပြည်နယ်မှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ရင် ယခင်ကတည်းက ဖြစ်ရပ်ဆိုးတွေ တော်တော် များများ ဖြစ်ပွားခဲ့ပါတယ်။ ၁၈၈၀ ပြည့် နှစ်နဲ့ ၁၉၉၉ ခုနှစ်အကြားမှာ ငလျင်နဲ့ မြေပြိုကျမှုတွေကြောင့် လူပေါင်း ၁၃၀၀ ကျော် အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။

 

ဒါ့အပြင် ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၉ ခုနှစ်ကြားမှာ မြေပြိုမှုနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ၄၃၃ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်အရ သိရပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ကြားမှာ ဆိုးရွားတဲ့ ရာသီဥတု ဖြစ်စဉ်တွေကြောင့် လူပေါင်း ၁၃၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီမြို့ကို သဘာဝ ဘေးအန္တရာယ် မကြာခဏဖြစ်ပွားလေ့ ရှိကြောင်း သက်ဆိုင်ရာ ထုတ်ပြန် ကြေညာထားတာပါ။

 

၂၀၂၁ ခုနှစ် တစ်နှစ်တည်း ဥတ္တရာခန်းပြည်နယ်မှာ မြေပြိုကျခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ နှင်းလျှော ကျခြင်းတွေကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆူရှီလ် ခန်းဒူရီရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ လက်ရှိမှာတော့ ဥတ္တရာခန်း ပြည်နယ်မှာရှိတဲ့ ဂျိုရှီမစ်သ်မြို့လေးဟာ မြေသားတွေကျွံဝင်တာ၊ နေအိမ်တွေရဲ့ မျက်နှာကြက်တွေ၊ ကြမ်းပြင်တွေ၊ နံရံတွေမှာ အက်ကွဲကြောင်းပေါ်လာတာကြောင့် နေထိုင်ဖို့ မလုံခြုံတဲ့နေရာအဖြစ် သက်ဆိုင်ရာက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

 

လက်ရှိ အဲဒီမြို့မှာနေထိုင်တဲ့ ဒေသခံတွေဟာ နေ့တစ်မျိုး ညတစ်ဖုံ ငလျင်ကြောင့်သော်လည်းကောင်း၊ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့်သော်လည်းကောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့်သော်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ် တစ်ခုခုကြောင့် ကျီးလန့်စာစားနေရတယ်လို့ ဆိုပါတယ်။ အန်ရှူ ရာဝပ်ဆိုသူ အမျိုးသမီးတစ်ယောက် ကျယ်လောင်တဲ့အသံတစ်ခု ကြားလိုက်ချိန်မှာအိပ်မောကျနေခဲ့တာပါ။ အဲဒီနောက် အိပ်မက်မက်နေတယ်လို့ စိတ်ကထင်ပေမယ့် ငိုသံတွေ ကျယ်ကျယ်လောင်လောင် ကြားရတဲ့အခါမှာတော့ ထကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းထပြီး စူးစမ်းကြည့်တော့ အပြင်ဘက်မှာ ရှုပ်ယှက်ခတ်နေတဲ့ လူတွေရယ်၊ ထိတ်လန့်တကြား ပြေးလွှားနေတဲ့ လူတွေရယ်၊ ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တချို့ကလည်း ကလေးတွေ ကို အိတ်တွေ၊ စောင်တွေနဲ့ ထုပ်ပိုးပြီး သယ်သွားကြတယ်။

 

အနီးအနားရှိ အဆောက်အအုံ တစ်လုံး ရုတ်တရက်ပြိုကျသွားတယ်လို့ ကောလာဟလတွေလည်း ကြားနေရတာကြောင့် ၎င်းရဲ့ ခင်ပွန်းဖြစ်သူ ဒေ့ဇ်က သွားကြည့်တဲ့အခါ အဆောက်အအုံဟာ မပျက်မစီးဘဲ နဂိုအတိုင်း ရှိနေတာ တွေ့ရတယ်။ အမှန်တကယ်ဖြစ်တာက တခြားအဆောက်အအုံမဟုတ်ဘဲ ၎င်းတို့ နေအိမ်ဖြစ်နေခဲ့တာ အံ့အားသင့်ဖွယ် တွေ့လိုက်ရတဲ့နောက်မှာ ဒေ့ဇ်နဲ့ရာဝပ်ဟာ ခြောက်လသား သမီးလေးကို ပွေ့ခေါ်ကာ ဆွေမျိုးတွေနဲ့ ဘေးလွတ်ရာ ပြေးထွက်ခဲ့ရတယ်လို့ ပြောပါတယ်။

 

mdn

 

ဘေးလွတ်ရာပြောင်းရွှေ့

 

အချိန်က အလွန်အေးနေတဲ့အချိန်ဖြစ်ပြီး ညှပ်ဖိနပ်စီးထားရကာ ခေါင်းဆောင်းဖို့ သိုးမွေးဦးထုပ်မရှိကြောင်း၊ ၎င်းရဲ့ သမီးလေးမှာ ဂျာကင်တစ်ထည်သာရှိပြီး တစ်ညလုံး ငိုယိုခဲ့ကြောင်း ရာဝပ်ကပြောပါတယ်။ နောက်တစ်နေ့ မှာတော့ အခန်းကိုးခန်းပါ အိမ်ကြီးနဲ့ တစ်သက်တာ အမှတ်တရတွေကို ချန်ထားရစ်ကာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ယူဆောင်ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မိသားစုငါးဦးဟာ ဒေသဆိုင်ရာအစိုးရရဲ့ စီစဉ်ပေးမှုအရ ကျဉ်းမြောင်းလှတဲ့ ယာယီအခန်းငယ်တစ်ခုအတွင်း ခိုလှုံလျက်ရှိတယ်လို့ ပြောပါတယ်။

 

အဲဒီအခန်းငယ်ထဲမှာ မီးဖိုချောင်သုံးပစ္စည်းအချို့နဲ့ အိပ်ခန်းအချို့ ရှိပါတယ်။ အိပ်ခန်းမလုံလောက်တာကြောင့် ၎င်းအမျိုးသားနဲ့ အစ်ကိုဖြစ်သူတို့ ကြမ်းပြင်ပေါ်မှာ အိပ်ကြရတယ်လို့ ဆိုပါတယ်။ အိမ်ကို ပြန်ခွင့်ရပါတော့မလားလို့ တွေးမိနေပြီး အိမ်ကိုပစ်ထားခဲ့ရတာ နာကျင်မိကြောင်းနဲ့ အိမ်တစ်လုံးဆုံးရှုံး ရတဲ့ ခံစားချက်ကို မရှင်းပြတတ်ကြောင်း ရာဝပ်က ပြောပါတယ်။

 

လူဦးရေ ၂၀၀၀၀ ခန့်ရှိတဲ့ ဟိမဝန္တာ တောင်တန်းမြို့လေးမှာ အဆောက်အအုံ ၈၆၀ ကျော်ဟာ အက်ကွဲကြောင်းတွေ ပေါ်ထွက်လာပြီးနောက် မိသားစု ၁၄၅ စုမှ လူပေါင်း ၆၀၀ နီးပါးဟာ ၎င်းတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ ကျောင်းတွေ၊ တည်းခိုခန်းနဲ့ အခြားမိသားစု နေအိမ် တွေထံ ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။ မကြာသေးမီအချိန်အတွင်း မှာလည်း သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့ တွေက ဒေသခံရာပေါင်းများစွာကို လုံခြုံစိတ်ချရတဲ့ နေရာတွေထံ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ပြောပါတယ်။

 

ယာယီစခန်းမှာ မည်မျှနေရမည်မသိ

 

အဲဒီလို ပြောင်းရွှေ့မိသားစုတွေအနေ နဲ့ ယာယီစခန်းတွေမှာ အချိန်မည်မျှအထိ နေရမှာကို မသိရှိကြောင်းနဲ့ လက်ရှိ မှာတော့ အသက်ဘေးအန္တရာယ်ကင်းဖို့က ၎င်းတို့ရဲ့ ဦးစားပေးဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ အချို့ ဒေသခံတွေက ၎င်းတို့ရဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ကျွေးမွေးဖို့နဲ့ ၎င်းတို့ကိုယ်တိုင် ချက်ပြုတ်စားသောက်ဖို့ နေ့ခင်းဘက်တွေမှာ ၎င်းတို့အိမ်ရှိရာကို ပြန်လာကြပြီး ညနေခင်းကျမှသာ ယာယီကယ်ဆယ်ရေး စခန်းတွေထံ ပြန်လာကြတယ်လို့ ပြောပါတယ်။ ၎င်းတို့ရဲ့ နေအိမ်ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၉၀၀၀၀ ကျော် ရှိကြောင်း၊ အစိုးရဆီက ပိုက်ဆံရရင် ဆန္ဒရှိတဲ့နေရာကို ပြောင်းရွှေ့မှာဖြစ်ကြောင်း ရာဝပ်က ပြောပါတယ်။