နေပြည်တော် ၁၅ အောက်တိုဘာ
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ရွေးကောက်ပွဲကျင်းပရာ နေရာများ၌ သတင်းမှတ်တမ်းရယူဆောင်ရွက်မည့် ဝန်ထမ်းအင်အား စုစုပေါင်း ၇၈၂ ဉီး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ သတင်းမှတ်တမ်း ရယူရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၁၅၅ ဉီး၊ MITV Channel က ဝန်ထမ်း ၁၇ ဉီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ဉီးစီးဌာနရုံးများမှ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၅၂၂ ဉီးနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းအင်အား ၈၈ ဉီး စီစဉ်ဆောင်ရွက်ထားသည်။
အဆိုပါ ဝန်ထမ်းများအနေဖြင့် သတင်းရယူဆောင်ရွက်ရာတွင် ဌာနမှထုတ်ပေးထားသည့် ဝန်ထမ်းအသိအမှတ်ပြု ကတ်ပြား၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် သတင်းရယူခွင့် အသိအမှတ်ပြု ကတ်ပြားများ တပ်ဆင်၍ ရွေးကောက်ပွဲ သတင်းရယူခြင်းဆိုင်ရာ လိုက်နာရမည့် သတင်းမီဒီယာကျင့် ဝတ်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး သတင်းရယူသွားမည်ဖြစ်သည်။
ထို့ပြင် အထွေထွေရွေးကောက်ပွဲတွင် သတင်းရယူကြမည့် နိုင်ငံတကာ သတင်းမီဒီယာသမားများကို ပြည်ဝင်ဗီဇာရရှိရေး၊ သတင်းရယူခွင့် အသိအမှတ်ပြု ကတ်ပြားများရရှိရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ထောက်ခံညှိနှိုင်းပေးလျက်ရှိပြီး ယနေ့အထိ ရွေးကောက်ပွဲ သတင်းရယူရန်အတွက် ပြည်ဝင်ဗီဇာလိုအပ်သည့် သတင်းထောက် ၃၄ ဉီး အပါအဝင် နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်း ၃၆ ခုမှ သတင်းထောက် ၁၅၈ ဉီးအတွက် သတင်းရယူခွင့် အသိအမှတ်ပြု ကတ်ပြားများ ရရှိရေး ထောက်ခံပေးပြီးဖြစ်ပြီး ဆက်လက်၍လည်း ထောက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


