နေပြည်တော် နိုဝင်ဘာ ၁၀
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတများရရှိပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအကြိမ်သင်တန်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းမှာ ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးသွားမည့် ဘာသာရပ်များမှာ တိုင်ကြားမှုအပေါ်အရေးယူဆောင်ရွက်ခြင်း၊ အမှုတိုင်ကြားမှုအပေါ် ဆောင်ရွက်မှုအဆင့်ဆင့်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ Conflict-related Sexual Violence (CRSV) ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာနှင့် မြန်မာနိုင်ငံကို အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထည့်သွင်းထားခြင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ချက်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်းသည့် ပြစ်မှုများအကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅၊ UNSCR-1325၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Helpline ဝန်ဆောင်မှုနှင့် တစ်နေရာတည်းတွင် အမျိုးသမီးများအား ဝန်ဆောင်မှုပေးခြင်း One Stop Women Support Centre- OSWSC နှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်တို့ ပါဝင်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့အတူ ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။
ယင်းသင်တန်းသို့ ဌာနဆိုင်ရာ အသီးသီးနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့မှ သင်တန်းသား/သူ (၅၀) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်