နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှစ၍ အကောင်အထည်ဖော်လျက်ရှိပြီး ပထမ (၆) လပတ် အစီရင်ခံစာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာ ကောက်နုတ်ချက်ကို အင်္ဂလိပ်ဘာသာဖြင့်ပြုစုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံး The Office Of the Special Representation of the Secretary General on Sexual Violance in Conflict (OSRSG-SVC)သို့ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရုံး (UN-RCO) မှတစ်ဆင့် ပေးပို့ထားခဲ့ကြောင်း၊ ယခု အစည်းအဝေးတွင် ဒုတိယ(၆) လပတ် အစီရင်ခံစာ (မူကြမ်း) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြနိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၃) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) အကောင်အထည်ဖော်မှု ဒုတိယ (၆) လပတ် အစီရင်ခံစာ (မူကြမ်း) ရေးသားထားမှုကို တင်ပြရာ လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်