နေပြည်တော် ဩဂုတ် ၉
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင် အထည်ဖော်လျက်ရှိရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ၁၀ ရက်မှစ၍ တတိယနှစ်သက်တမ်း ရေးဆွဲခဲ့ပါကြောင်း၊ စီမံချက်ကာလ တတိယသက်တမ်း၏ ပထမ(၆)လပတ် အစီရင်ခံစာ (မူကြမ်း)ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပေးပို့သည့်အချက်အလက်များကို စုစည်းရေးသားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၄) ဆုံးဖြတ်ချက်များအရ ပြင်ဆင်ဖြည့်စွက်ကာ ယခုအစည်းအဝေးတွင် 2nd Draft အဖြစ် တင်ပြသွားမည်ဖြစ်သဖြင့် ဆွေးနွေးအတည်ပြုပေးရန် ဖြစ်ပါကြောင်း၊ တတိယသက်တမ်း၏ ဒုတိယ(၆)လပတ်အစီရင်ခံစာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးထား၍ အစီရင်ခံစာထွက်ရှိနိုင်ရေး ဌာနအသီးသီး၏အချက်အလက်များကို သတ်မှတ်ကာလ အတွင်းပေးပို့ရန် လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ တတိယနှစ်သက်တမ်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ(၁၀)ရက်တွင် ပြည့်မြောက်မည်ဖြစ်သဖြင့် စီမံချက်ကာလ စတုတ္ထတစ်နှစ် သက်တမ်းတိုးနိုင်ရေးအတွက် ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့ မှုများ၊ ၂၀၂၄ခုနှစ်ဇွန်၁၆ ရက်တွင်ကျင်းပခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၄)၏ ဆုံးဖြတ် ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက ပထမ(၆)ပတ်အစီရင်ခံစာ (မူကြမ်း)အပေါ် အကြံပြုဆွေးနွေးခြင်း၊ အတည်ပြုခြင်းနှင့် စီမံချက်ကာလ စတုတ္တသက်တမ်းတိုးရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


