ပြတိုက်လှုပ်ရှားမှုပန်းချီပြပွဲ(၂)ကို အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပမည်

နေပြည်တော်  ၁၉ ဖေဖော်ဝါရီ  

 


ပြတိုက်လှုပ်ရှားမှုပန်းချီပြပွဲ(၂) (Museum Activity II) ကို ဖေဖော်ဝါရီ ၂၀ ရက်မှ  ၂၈ ရက်အထိ အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ပြတိုက်ဖွင့်ချိန်အတိုင်း နေ့စဉ်ဖွင့်လှစ်ပြသသွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာ ၇၄ ဦးတို့၏ အနုပညာလက်ရာမြောက် ရေးဆွဲထားသည့် ရေဆေး၊ ဆီဆေး၊ Acrylic ပန်းချီကား လက်ရာမွန်များဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါပန်းချီပြပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး ပန်းချီပညာကို စိတ်ပါဝင်စား လေ့လာလိုသူများအတွက် ပြတိုက်ပန်းချီဆိုင်ရာ ပညာပေးဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။ ပန်းချီချစ်သော ပရိသတ်များကို မေတ္တာတုံ့ပြန်သော အနေဖြင့် ပန်းချီဆရာ ၇၄ ဦးတို့၏ ကိုယ်တိုင်ရေးဆွဲ လက်မှတ်ရေးထိုးထားသည့် ပန်းချီကားငယ်များကို ဖွင့်ပွဲနေ့ မွန်းတည့် ၁၂ နာရီနှင့် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီတို့တွင် သင့်လျော်သည့် နှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

 

သို့ဖြစ်ပါ၍ ပန်းချီပြပွဲသို့ သတင်းဌာနအသီးသီးမှ သတင်းထောက်များ သတင်းရယူနိုင်ကြပြီး စိတ်ဝင်စားသူမည်သူမဆို အခမဲ့ဝင်ရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတင်းရရှိသည်။

 

မောင်လူမော်