နေပြည်တော် ၃ ဒီဇင်ဘာ
အာဆီယံနိုင်ငံများရှိ ပြတိုက်များတွင် ထိန်းသိမ်းထားရှိသည့် ပန်းချီများနှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာပစ္စည်းများအား ထိန်းသိမ်းခြင်းနှင့် ထားသိုခြင်းဆိုင်ရာစီမံခန့်ခွဲမှု ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ပြတိုက်များ၏ အခန်းကဏ္ဍ သည် နိုင်ငံများအတွက် ယဉ်ကျေးမှုအချက်အချာ ဗဟိုဌာနတစ်ခုအဖြစ် ပိုမိုအရေးပါ လျက်ရှိပါကြောင်း၊ ပြတိုက်များတွင် ထိန်းသိမ်းထားရှိသည့် ပန်းချီများနှင့် အဝတ် အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာပစ္စည်းများသည် ထိခိုက်ပျက်စီးလွယ်သော ဝတ္ထုပစ္စည်းများဖြစ်ပြီး အထူးနည်းလမ်းများဖြင့် ဂရုစိုက်ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် ကြွယ်ဝမှုများကို ပြတိုက်များမှတစ်ဆင့် သိရှိနိုင်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ အာဆီယံနိုင်ငံများ၏ ပြတိုက်များရှိ ပန်းချီများနှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာပစ္စည်းများအား ထိန်းသိမ်းခြင်းနှင့် ထားသိုခြင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ကြုံတွေ့လာနိုင်သည့် ပြသနာများ၊ ရင်ဆိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် အကြံဉာဏ်များ မျှဝေရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြတိုက်ဆိုင်ရာ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာနိုင်ငံအလိုက် ပန်းချီများနှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာပစ္စည်းများ ထိန်းသိမ်းရာတွင် ကြုံတွေ့ရသော အခက်အခဲများကို အကျဉ်းချုပ် တင်ပြကြပြီး တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ၏ စီမံကိန်းတစ်ခု ဖြစ်သည့် အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်ထိကျင်းပသွားမည်ဖြစ်ပြီး ပန်းချီများ နှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာပစ္စည်းများနှင့် ပတ်သက်၍ ထိန်းသိမ်းရေးနည်းစနစ်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း၊ စာတမ်း များဖတ်ကြားခြင်းတို့ကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)