ပြတိုက်ဖြစ်လာတော့မယ့် တောဝက် ကယ်ဆယ်ရေးစခန်း

၁၂ ဇူလိုင်

မိုးရေတွေကြောင့် ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအဖွဲ့ကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေရဲ့ ရဲ့ဝံ့တဲ့စွမ်းဆောင်ချက်တွေကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းခွင်ကို ပြတိုက်အဖြစ် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တောဝက် ကယ်ဆယ်ရေးမစ်ရှင်အတွက် သက်စွန့်ဆံဖျားကြိုးစားခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ လိုဏ်ခေါင်း(ဂူ) ကျွမ်းကျင်ပညာရှင်တွေနဲ့ ရေငုပ်သမား စတဲ့သူရဲကောင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ရုပ်ရှင်အဖြစ်မှတ်တမ်းတင်ရိုက်ကူးဖို့ ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွေလဲ တစ်ဖွဲ့မက အသင့်ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ထမ့်လွှမ်း ဂူဝက ကွပ်ကဲရေးစင်တာနဲ့  ကယ်ဆယ်ရေးမှာ အသုံးပြုခဲ့တဲ့ ရေစုပ်စက်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ အဆင့်မြင့်စက်ပစ္စည်းများအားလုံးကို အလုပ်သမားတွေက ထုတ်ပိုးသိမ်းဆည်းနေပြီဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းခွင်အားလုံးကို ပြတိုက်အဖြစ် ပြောင်းလဲပြီး ရုပ်ရှင်ဆန်ဆန် စွန့်စားခဲ့ရတဲ့ ကယ်ဆယ်ရေးမှာ အသုံးပြုခဲ့တဲ့ အဝတ်အစားတွေနဲ့ စက်ပစ္စည်းတွေကို ပြတိုက်မှာ ပြသသွားမယ်လို့ ကယ်ဆယ်ရေးခေါင်းဆောင် နာရွန်စက် ဆွန်တာနာခွန် က သတင်းထောက်တွေကို ပြောပါတယ်။

 

“ဒီနေရာက ထိုင်းနိုင်ငံရဲ့အထင်ကရနေရာတစ်ခု ဖြစ်လာတော့မှာဖြစ်ပါတယ်၊ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်ကြလိမ့်မယ်”လို့ ယုံကြည်ကြောင်းလဲ ၎င်းကပြောကြားခဲ့ပါတယ်။

ယခုအခါ ကလေး ၁၂ ဦးနဲ့ နည်းပြ ဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူနေကြပါတယ်။ ဒါက “တစ်ကမ္ဘာလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု အောင်ပွဲ” လို့ The Nations သတင်းစာမျက်နှာဖုံးမှာ ပါရှိခဲ့ပါတယ်။ တောဝက်အဖွဲ့ဟာ ဘောလုံးလေ့ကျင့်မှုလုပ်ဖို့ ဂူထဲကို ခြေလျင်ဝင်သွားခဲ့ပြီး မုတ်သုံမိုးကြောင့် ထွက်ပေါက်ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ကိုးရက်အကြာမှာ ဂူအတွင်း နှစ်မိုင်ခွဲခန့်မှာ ဗြိတိန်ကယ်ဆယ်ရေးရေငုပ်သမားက  ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

၎င်းတို့ပိတ်မိပြီးတစ်ပတ်ကျော်အကြာမှာ ကမ္ဘာအနှံ့က ကျွမ်းကျင်ပညာရှင်တွေနဲ့ ကယ်ဆယ်ရေးသမားတွေ ထိုင်းနိုင်ငံမြောက်ပိုင်းကို စုရုံးရောက်ရှိလာပြီး အိုလံပစ်ရေကူးကန် ၅၀ လောက် ပမာဏရှိတဲ့ရေတွေကို စုပ်ထုတ်ခဲ့ကြပြီး ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ မီဒီယာသမား တစ်ထောင်ကျော်ကလည်း ဂူဝကနေ  အချိန်နှင့်တပြေးညီ သတင်းတင်ဆက်ပေးခဲ့ကြပြီး အင်္ဂါနေ့မှာ အားလုံးကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား > အေအက်ဖ်ပီ