နေပြည်တော် ၂၃ ဇန်နဝါရီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နိုင်ငံတော်၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍသုံးခုကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လျစ်လျူရှုလိုက်ပါက နောင်သားစဉ်မြေးဆက်များအတွက် ပတ်ဝန်းကျင်ယိုယွင်းမှု ဆိုးကျိုးများ ခံစားရမည်ဖြစ်ကြောင်း။

ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအားလုံးနှင့် ချိတ်ဆက်ပတ်သက်နေပြီး နယ်နမိတ်မရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ခုဖြစ်သောကြောင့် နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက် ဆောင်ရွက်မှုဖြင့်သာ ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသော ၂၀၁၈-၂၀၃၀ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်ပါ စီမံချက်များသည် ကဏ္ဍအသီးသီး၏ စီမံချက်များနှင့် ဘဏ္ဍာငွေလျာထားချက်များ ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ ထိုအချက်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဦးစားပေးလုပ်ငန်းများတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းနှင့် သာမန်အသုံးစရိတ်များကို သုံးစွဲရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားသော ကာလအတွင်း ပြီးစီးအောင် စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနအနေဖြင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို အလွှာအသီးသီးတွင် အလေးထားဆောင်ရွက်ရန် လိုကြောင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနသည် ဘာသာရပ်တစ်ခုတည်းမဟုတ်ဘဲ ဘာသာရပ်ပေါင်းစုံ ပါဝင်နေပြီး ကျယ်ပြန့်သည့်အတွက် ဝန်ထမ်းများ အလုပ်လုပ်ရင်း ဘာသာရပ်များကို လေ့လာနေရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ဝန်ကြီးဌာနှင့် ဌာန၏ရည်မှန်းချက်များ၊ တာဝန်များကိုအောင်မြင်အောင် ကြိုးစားဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (ပတ်ဝန်းကျင်)၊ ဦးစီးရုံးချုပ်မှ ဌာနအလိုက် တာဝန်ခံများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သုံးသပ်ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်