နေပြည်တော်၊ မတ် ၂၁
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၈)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change – UNFCCC) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အမျိုးသားအဆင့်ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ် (Nationally Determined Contributions-NDCs) အစီရင်ခံစာပါ ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် ကတိကဝတ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင် ဌာနများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်တိုက်တွန်းပါကြောင်း။
ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးချရေး၊ စွမ်းအင်ချွေတာရေး အစီအမံများ၊ ကဏ္ဍအလိုက် ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ သတင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု ရှေ့အလားအလာများ ခန့်မှန်းခြင်း လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်းတို့ကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန် (၂၂) ရပ်ကို အခြေခံ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြပါရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ လုပ်ငန်းကော်မတီဝင်များက ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြသည်။
အဆိုပါအစည်းအဝေးသို့ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်